Home
မြန်မာသတင်း
ကိုးကန့် MNDAA တပ်ဖွဲ့ဝင် ၁ ဦး  သက်ငယ်မုဒိမ်းမှုကျူးလွန်ဟု စွပ်စွဲခံရ 
DVB
·
December 6, 2024
Photo-ဒေသခံ
crim 6122024

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်အတွင်း ကြူကုတ် (ပန်ဆိုင်း)မြို့မှာ ကိုးကန့် MNDAA တပ်ဖွဲ့ဝင်တယောက်က  ၂ နှစ်ကျော်အရွယ် ကလေးငယ်တယောက်ကို  ဒီဇင်ဘာ ၁ ရက်က အဓမ္မပြုကျင့်ခဲ့တယ်လို့  ဒေသခံတွေက ပြောပါတယ်။

ပန်ဆိုင်း ကျူးမြန့် ဂိုင်ဝင်းမှာနေတဲ့ အသက် ၄၀ ကျော် အရွယ် ကိုးကန့် (MNDAA) စစ်သား ချင်းရှောက်က အသက်  ၂ နှစ်နဲ့ ၅ လ အရွယ် ကလေးငယ်ကို ဒီဇင်ဘာ ၁ ရက်က မုဒိမ်းပြုကျင့်ခဲ့တာဖြစ်ပြီး ဒီအမှုကို MNDAA အထက်ပိုင်းအရာရှိတွေက သိရှိကာ တခြား နေရာဘက် ရွှေ့ပြောင်းဖို့ လုပ်နေတယ်လို့ ဒေသခံက ပြောပါတယ်။

ကိုးကန့် MNDAA တပ်ဖွဲ့တွေက ကြူကုတ် (ပန်ဆိုင်း)မြို့ထဲက ကျူးမြန့်ဂိုင် ဆိုတဲ့ ဝင်းထဲမှာနေထိုင်ကြပြီး အဲဒီ ဝင်းနားမှာ ကာယကံရှင် ကလေးငယ် သားအမိ နေထိုင်ကြတာ ဖြစ်ပါတယ်။

ဒေသခံတယောက်က "ကလေးနဲ့ ကလေး အမေကို ဒေသခံ ပြည်သူလူထုနဲ့ လုံးဝ ပေးမတွေ့ဘူး။ သူတို့က ဒီ အမှု ပြဿနာကို သတင်းဖုံးကွယ်ပြီး တိတ်တဆိတ် ထားပစ်လိုက်မယ့် အနေအထား ဖြစ်နေတယ်" လို့ ပြောပြပါတယ်။

ဒီဇင်ဘာ ၅ ရက်က ဒေသခံပြည်သူတွေ၊ အမျိုးသမီးရေးရာ အဖွဲ့တွေ MNDAA တပ်ဖွဲ့နဲ့ သွားတွေ့တာမှာလည်း ကလေးမိခင်ကို ပေးမတွေ့ပဲ ဒီဇင်ဘာလ ၄ ရက်ညနေကတည်းက ဝှက်ထားလိုက်ကြတယ်လို့  ဒေသခံက ပြောပါတယ်။

MNDAA တပ်ဖွဲ့ တာဝန်ရှိသူကတော့ အဲဒီ ပြစ်မှုကျူးလွန်သူကို သေဒဏ် ပေးမယ်လို့ အများပြည်သူရှေ့မှာ ပြောသွားတယ်လို့  ဒေသခံက ပြောပြပါတယ်။

"အခု ကိုးကန့် MNDAA တပ်ဖွဲ့တွေက ကလေးတွေ ကျောင်းတက်နေတဲ့ ကျောင်းဝင်းထဲမှာ တပ်စခန်း ချပြီး နေထိုင်တယ်။ အခု ဒီလို မုဒိမ်းမှု ဖြစ်တော့ ဒေသခံ ပြည်သူတွေက ကိုယ့် သားသမီးတွေလည်း ကျောင်းတက်နေတာ အဲဒီလိုကျောင်းတွေမှာ ကိုးကန့် MNDAA တပ်ဖွဲ့တွေ စခန်းချနေတော့ သားသမီးတွေအတွက် လုံခြုံမှုမရှိလို့ ကိုးကန့် MNDAA တပ်ဖွဲ့ တွေကို သွားပြောတယ်။ ဒါပေမဲ့ MNDAA ဘက်က ကျောင်းကနေတပ်စခန်း ပြောင်းရွှေ့ ပေးတာမျိုး မရှိဘူး။”

မုဒိမ်းမှု ကျူးလွန်တဲ့ MNDAA တပ်ဖွဲ့ဝင်ဟာ MNDAA တပ်ရင်း ၅၁၀ မှာ တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး  သူဟာ ‌ကြူကုတ် (ပန်ဆိုင်း) ဒေသခံ မဟုတ်ဘဲ လောက်ကိုင်ဘက်က ဖြစ်တဲ့အကြောင်းနဲ့  ဒေသခံတွေကတော့ ပြစ်မှုကို ဖုံးကွယ် ဖျောက်ဖျက်လိုက်မှာ စိုးရိမ်နေကြပါတယ်။

ဒီအမှုကိစ္စဘယ်လို အရေး‌ယူ ဆောင်ရွက် နေသလဲ၊ နစ်နာသူအတွက် ဘယ်လို ဆက်လက် ဆောင်ရွက် သွားဖို့သလဲ ဆိုတာကိုသိရဖို့ DVB အနေနဲ့ MNDAA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းကို  တယ်လီဂရမ် ချာနယ်ကနေ ဆက်သွယ်မေးမြန်းထားပေမဲ့ ပြန်လည် ဖြေကြားခြင်း မရှိသေးပါဘူး။

ကြူကုတ် (ပန်ဆိုင်း) မြို့ကို မြောက်ပိုင်း မဟာမိတ်ညီနောင်ရဲ့ ၁၀၂၇ စစ်ဆင်ရေး အစောပိုင်းကာလမှာ MNDAA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013