ကိုးကန့်အဖွဲ့ MNDAA ခေါင်းဆောင် ဦးဖုန်တာရွှင်ကို တရုတ်ဘက်က ထိန်းသိမ်းလိုက်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ပျံ့နှံ့ခဲ့ပြီးနောက်မှာတော့ တရုတ်အစိုးရဘက်က ဦးဖုန်တာရွှင်ကို ဖမ်းထားတာမဟုတ်ဘူးလို့ ပြန်လည်ရှင်းလင်းခဲ့ပါတယ်။
ဦးဖုန်တာရွှင်က ဆေးကုသခွင့်ပေးဖို့ တောင်းဆိုခဲ့တာကြောင့် တရုတ်ဘက်ကို လာရောက်ခွင့်ပြုခဲ့တာဖြစ်ပြီး ဆေးကုသခံယူအပြီး ပြန်လည်သက်သာလာပြီဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဒီသတင်းနဲ့ပတ်သက်လို့ တရုတ်လူမျိုး နယ်စပ်ကုန်သည်တယောက်ကတော့ ဦးဖုန်တာရွှင် ဖမ်းဆီးခံရတယ်ဆိုတာ မဖြစ်နိုင်ပေမဲ့ အကျယ်ချုပ်ပုံစံမျိုးတော့ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
တရုတ်အရေးကျွမ်းကျင်သူ ဒေါက်တာလှကျော်ဇောကတော့ MNDAA ခေါင်းဆောင် ဖမ်းဆီးခံရတယ်ဆိုတာ မဟုတ်မှန်ဘူးလို့ ဆိုပါတယ်။
လက်ရှိမှာ တရုတ်ဆန့်ကျင်ရေးတွေကို တခုပြီးတခု တွေ့နေရပြီး ဒါတွေဟာ စစ်ကောင်စီလှည့်ကွက်ဖြစ်တဲ့ တရုတ်ဆန့်ကျင်ရေးလှိုင်းနောက်ကို ရောယောင်ပါနေတဲ့ အခြေအနေဖြစ်ပြီး တော်လှန်ရေးအတွက်လည်း အကျိုးမရှိဘူးလို့ ဆိုပါတယ်။
ဦးဖုန်တာရွှင်မိသားစုဟာ ၂ နိုင်ငံနိုင်ငံသား ခံယူထားသူတွေဖြစ်သလို တရုတ်က ဖမ်းသည်ဖြစ်စေ၊ မဖမ်းသည်ဖြစ်စေ လက်ရှိ တရုတ်နိုင်ငံထဲမှာ ရှိနေတာကြောင့် တရုတ်အစိုးရ လုံခြုံရေးရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်ရှိနေတာပဲဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။
တဖက်မှာလည်း တရုတ်အနေနဲ့ ဝေဖန်ပြောဆိုတာတွေနဲ့ ထွက်ရှင်းတာမျိုး မရှိပေမဲ့ အခုကိစ္စမှာ ထွက်ရှင်းလာတာကတော့ ထူးခြားတယ်လို့လည်း ဆိုပါတယ်။
ဒါကြောင့် MNDAA ဘယ်လိုဆက်လုပ်မလဲဆိုတာ ခန့်မှန်းရခက်ပြီး စောင့်ကြည့်ရမှာ ဖြစ်တယ်လို့လည်း ဦးသန်းစိုးနိုင်က ပြောပါတယ်။
ဒီကိစ္စအပြင် စစ်ကောင်စီခေါင်းဆောင်ကလည်း တရုတ်နိုင်ငံကို သွားရောက်ခဲ့တာတွေ ရှိနေတာကြောင့် ရှမ်းမြောက်ရဲ့ စစ်ရေးဟာ ဘယ်လိုဆက်ဖြစ်လာနိုင်လဲဆိုတဲ့ မေးခွန်းတွေလည်း ရှိပါတယ်။
MNDAA ရဲ့ လားရှိုးကို သိမ်းပိုက်မှုနဲ့ပတ်သက်လို့ တရုတ်က မလိုလားသလို လက်ရှိ ရင်ဆိုင်နေရတဲ့ ဖိအားတွေကြောင့် လားရှိုးကနေ ပြန်ဆုတ်ပေးလိုက်ရတာတွေလည်း ဖြစ်လာနိုင်တယ်လို့ ဦးသန်းစိုးနိုင်က ပြောပါတယ်။ ဒါပေမဲ့ ယတိပြတ်ပြောလို့မရဘဲ MNDAA ရဲ့ တုံ့ပြန်မှုတွေကိုတော့ စောင့်ကြည့်ရဦးမယ်လို့လည်း ဆိုပါတယ်။
လက်ရှိအချိန်ထိတော့ လားရှိုးကို ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်တယ်လို့ MNDAA ဘက်ကတော့ ပြောဆိုထားပါတယ်။
ထက်အောင်