Home
မြန်မာသတင်း
တရုတ်လုံခြုံရေးကုမ္ပဏီအမည်ခံ ကြေးစားလက်နက်ကိုင် တရုတ်တွေ မြန်မာပြည်ထဲ ဝင်လာတော့မလား
DVB
·
November 20, 2024
Photo-Photo: Screen Grab / Twitter / Top War

မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေကိုကာကွယ်ဖို့ ၂ နိုင်ငံအကျိုးတူ ဖက်စပ်လုံခြုံရေး ကုမ္ပဏီတည်ထောင်ဖို့ စစ်တပ်က လုပ်ငန်းကော်မတီတခုဖွဲ့စည်းပြီး လုပ်ငန်းတွေစတင်နေ ပါတယ်။

တရုတ်ရဲ့အဆိုပြုချက်အရ မြန်မာ-တရုတ် ၂ နိုင်ငံ ဖက်စပ်လုံခြုံရေးကုမ္ပဏီ တည်ထောင်ရေးအတွက် လုပ်ငန်းကော်မတီကို အောက်တိုဘာ ၂၂ ရက်မှာ ဖွဲ့စည်းလုပ်ကိုင်နေတာပါ။

တရုတ်အနေနဲ့ ပဋိပက္ခဖြစ်နေတဲ့နိုင်ငံတွေ အထူးသဖြင့် အာရှအလယ်ပိုင်း၊ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကတို့မှာ သူတို့ရဲ့အကျိုးစီးပွား၊ စီမံကိန်းနဲ့ ဝန်ထမ်းတွေကိုကာကွယ်ဖို့ စစ်သားဟောင်းတွေနဲ့ဖွဲ့ထားလေ့ရှိတဲ့ Private Security Companies PSCs လို့ခေါ်တဲ့ ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီတွေကို အသုံးပြုနေတာ ဖြစ်ပါတယ်။

ဒါပေမဲ့အခုလို ၂ နိုင်ငံအကျိုးတူ ဖက်စပ်ကုမ္ပဏီထောင်တာရှားတဲ့အပြင် လက်နက်ကိစ္စတွေလည်း ပါတာကြောင့် အကျိုးစီးပွားလုံခြုံရေးဆိုတာထက် ပိုတယ်လို့သုံးသပ်နေကြပါတယ်။

တရုတ်နိုင်ငံအရေးလေ့လာသူတယောက်က “ တရုတ်အမြဲတမ်းလုပ်နေကြ PSCs နဲ့ကွာတယ်ဆိုတာတော့ ပြောပြီးသွားပြီ ပေါ့နော်၊ နောက်တခုကကျတော့ လက်နက်လမ်းကြောင်းတွေကို ခြေရာကောက်ဖို့ ကုမ္ပဏီနည်းပညာ ရတာတွေ၊ အရင်တုန်းက ၁၀၂၇ စစ်ဆင်ရေးမှာဆိုရင် ဒရုန်းတွေသုံးပြီးမှ ပထမပိုင်းမှာ စစ်ရေးအောင်နိုင်မှုတွေ အများကြီးရခဲ့တာတွေကို သူတို့ကပိုပြီးနည်းပညာမြှင့်တဲ့ဟာတွေသုံးပြီးမှ စစ်ပွဲတွေမှာ တန်ပြန် တိုက်ပွဲတွေမှာ သုံးနိုင်တဲ့ နည်းပညာ အခြေအနေတွေကို ခြေရာကောက်ပေးတာတွေလည်း ဖြစ်နိုင်တယ်ပေါ့”လို့ ပြောပါတယ်။

ဒါကြောင့် တော်လှန်ရေးအင်အားစုတွေကို အင်အားချိနဲ့အောင်လုပ်ချင်တဲ့ ရည်ရွက်ချက်လည်း ရှိနိုင်တဲ့အပြင် Private Security Companies (PSCs) ပုံစံလည်းဖြစ်လာနိုင်သေးကြောင်း သူကဆိုပါတယ်။

လတ်တလောမှာတော့ အဲဒီကော်မတီကို စစ်ကောင်စီက ပြည်ထဲရေး ဒုဝန်ကြီးကိုဦးဆောင်စေပြီး ဌာနစုံက အရာရှိ ၁၄ ယောက်နဲ့ ဖွဲ့စည်းကာ လက်နက်၊ အထူးကိရိယာတွေတင်သွင်းခွင့်နဲ့ ဘယ်လိုသုံးစွဲစေမယ်ဆိုတဲ့ အချက်တွေကို စိစစ်နေကြောင်း သိရပါတယ်။

အရင်တည်းက တရုတ်စီမံကိန်းတွေမှာတရုတ်လုံခြုံရေးတွေရှိခဲ့ပေမဲ့ တရုတ်စစ်သားဟောင်းတွေ လက်နက်ကိုင်ပြီးဝင်လာနိုင်တဲ့ကိစ္စဟာ အန္တရာယ်ကြီးတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က သုံးသပ်ပါတယ်။

“သူတို့ လက်နက်ပါကိုင်လာမယ်။ အဲလိုလက်နက်ကိုင်လာမယ်ဆိုတဲ့အဆင့်ကြတော့ ကျနော်တို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဉပဒေ ၄၂ (ခ) ပေါ့၊ အဲဒီမှာ ဘယ်လိုပြဋ္ဌာန်းထားဆိုတော့ နိုင်ငံတော်အတွင်း မည်သည့်နိုင်ငံခြားတပ်ဖွဲ့ကိုမှ တပ်ချခွင့်မပြုတဲ့၊ သူကတပ်ဖွဲ့အနေနဲ့ အမည်မခံဘဲနဲ့  ကုမ္ပဏီအနေနဲ့ အမည်ခံပြီးတော့ တပ်ဖွဲ့တွေဝင်လာမှာ။”

ဒီကိစ္စဟာ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေကိုကာကွယ်ပေးဖို့ ပြောနေတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိရဲ့ မြန်မာပြည်ခရီးစဉ်နောက်ပိုင်း ပေါ်ထွက်လာတာလည်း ဖြစ်ပါတယ်။

စစ်ခေါင်းဆောင် တရုတ်ကိုလာတုန်းကလည်း တရုတ်ဝန်ကြီးချုပ်က အကျိုးစီးပွားနဲ့ သူ့နိုင်ငံသားတွေကို အကာကွယ်ပေးဖို့ ဖိဖိစီးစီးပြောဖူးတာကြောင့် အခြေအနေကို စောင့်ကြည့်ရမယ်လို့ တရုတ်အရေး ကျွမ်းကျင်သူ ဒေါက်တာလှကျော်ဇောက ပြောပါတယ်။

“သူတို့ ပါကစ္စတန်မှာကြတော့ အကြမ်းဖက်သမားတွေ သိပ်များတာကို၊ အဲလိုနေရာမျိုးမှာတောင် တရုတ်က ပါကစ္စတန်အစိုးရကိုပဲ သူ့လူတွေကို အကာအကွယ်ပေးပါလို့တောင်းဆိုတာ။ အဲလို လွှတ်လေ့ လွှတ်ထမရှိဘူးဗျ။ ဒါကြောင့် ဒီသတင်းဟာ ဘယ်လောက် ဟုတ်လည်း၊ မဟုတ်လည်း ကျမလည်း သိပ်မသိဘူး။ သတင်းပိုပြီးပြီပြင်လာအောင် စောင့်ကြည့်ဖို့တော့ လိုတယ်။”

တဖက်မှာလည်း ရခိုင်ပြည်နယ်၊ ကျောက်ဖြူမှာ AA ရဲ့ထိုးစစ်ကိုခုခံနိုင်ဖို့နဲ့ အထူးစီးပွားရေးဇုန် လုံခြုံရေးအတွက် စစ်တပ်နဲ့ တရုတ်လုံခြုံရေး၊ နည်းပညာရှင်တို့ပါဝင်တဲ့အဖွဲ့ကို ဗိုလ်ချုပ်ကျော်ရွှေထွန်း ဦးဆောင်ပြီး ပူးတွဲဖွဲ့စည်းခဲ့ကြောင်း သတင်းတွေထွက်နေပါတယ်။

CSIS ရဲ့အစီရင်ခံစာအရ တရုတ်မှာ PSCs ကုမ္ပဏီပေါင်း ၇၀၀၀ ကျော်ရှိပြီး အဲဒီထက်က ကုမ္ပဏီပေါင်း ၃၀ ကျော်၊  ဝန်ထမ်းပေါင်း ၃၂၀၀ ဝန်းကျင်ဟာ နိုင်ငံရပ်ခြားမှာ အထူးသဖြင့် ဗဟိုအာရှနဲ့ အာဖရိကတွေမှာ လုပ်ကိုင်နေပါတယ်။

တရုတ်ဥပဒေအရ PSC အဖွဲ့ဝင်တွေဟာလက်နက်ကိုင်ဆောင်ခွင့်မရှိပေမဲ့ တချို့အခြေအနေတွေမှာ ဒီစည်းမျဉ်းကိုကျော်လွန်လုပ်ဆောင်နေကြောင်း နိုင်ငံတကာသတင်းတွေမှာ တွေ့နေရပါတယ်။ 

စိုးသူအောင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024