အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ ပီရူးမှာကျင်းပတဲ့ အေပက် ထိပ်သီးဆွေးနွေးပွဲမှာ စုပေါင်းဓာတ်ပုံရိုက်ရာမှာတင် ဘေးရောက်နေခဲ့တာမဟုတ်ဘဲ အရေးပါမှုအရလည်း ဘေးရောက်နေခဲ့တယ်လို့ တယ်လီဂရပ်ဖ်သတင်းစာကြီးက သုံးသပ်ခဲ့ပါတယ်။
တရုတ်လွှမ်းမိုးခဲ့တဲ့ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဖိုရမ် (အေပက်) မှာ ကမ္ဘာ့ခေါင်းဆောင်တွေ စုပေါင်းဓာတ်ပုံရိုက်ကြတဲ့အချိန်မှာ ဂျိုးဘိုင်ဒင် ဘေးရောက်နေတာက အများပြောစရာ ဖြစ်ခဲ့ရပါတယ်။
အိမ်ရှင် ပီးရူးနိုင်ငံသမ္မတ ဒီနာဘိုလွာတေးနဲ့အတူ တရုတ်သမ္မတ ရှီကျင့်ဖျင်က လူစုလူဝေးရဲ့ အလယ်၊ အဓိကနေရာမှာ ရပ်နေခဲ့ပါတယ်။
ဓာတ်ပုံဟာ အဆင်ပြေသလို မတ်တပ်ရပ်လိုက်ကြတာ ဖြစ်နိုင်ပေမဲ့ ဒီပုံရိပ်ဟာ တချိန်က အမေရိကန်ရဲ့ နောက်ဘေးခြံဝင်းလို့ မှတ်ယူခဲ့ကြတဲ့ လက်တင်အမေရိကဒေသ နိုင်ငံတနိုင်ငံမှာ ဘိုင်ဒင်ရဲ့ လွှမ်းမိုးမှု လျော့ကျလာတာကို ဖော်ပြရာလည်း ရောက်တယ်လို့ ဗြိတိန်၊ တယ်လီဂရပ်ဖ် သတင်းစာကြီးက သုံးသပ်ထားပါတယ်။
ဘိုင်ဒင်ဟာ သမ္မတသက်တမ်းတွင်း တောင်အမေရိကကို ပထမဆုံးနဲ့ နောက်ဆုံး လာခဲ့တာဖြစ်ပြီး ဘရာဇီးမှာ ကျင်းပတဲ့ ဂျီ-၂၀ ဆွေးနွေးပွဲမတက်ခင် လမ်းကြုံဝင်သလိုသာ ဖြစ်နေခဲ့တယ်လို့ တယ်လီဂရပ်ဖ်သတင်းစာက သုံးသပ်ပါတယ်။
ခရီးစဉ်အတွင်း ရှီကျင့်ဖျင်ဟာ လီမာမြို့မှာ တရုတ်နိုင်ငံပိုင်ကုမ္ပဏီ Cosco က လုပ်ကိုင်မယ့် ဒေါ်လာ ၃ ဘီလီယံကျော် တန်ကြေးရှိတဲ့ ဆိပ်ကမ်းသစ်ဖွင့်ပွဲ တက်ခဲ့ပါတယ်။
ပီရူးမှာ တရုတ်လူမျိုး အများအပြားရှိနေသလို နှစ်နိုင်ငံလုံးရဲ့ ထောင်စုနှစ်နဲ့ချီတဲ့ ရှေးကျတဲ့ ယဉ်ကျေးမှု ဆောင်းပါးတပုဒ်ကို ပီရူးသတင်းစာမှာ ရှီက ရေးသားခဲ့ပါသေးတယ်။
တရုတ်ဟာ ပီရူးမှာတင်မကဘဲ လက်တင်အမေရိကတလွှားမှာ အခြေခံအဆောက်အအုံ စီမံကိန်းတွေအတွက် ခန့်မှန်းခြေ ဒေါ်လာ ၂၈၆ ဘီလီယံ ရင်းနှီးထားတာဖြစ်ပါတယ်။
တရုတ်ဟာ လက်တင်အမေရိကက သတ္တုသိုက်တွေ၊ ပဲပိစပ်နဲ့ အခြားကုန်ကြမ်းတွေကို လိုချင်နေတယ်ဆိုပေမဲ့ အမေရိကန်နဲ့ အနီးတဝိုက်မှာ စစ်ရေးနဲ့ ထောက်လှမ်းရေး အခြေစိုက်စခန်းတွေ ထားနိုင်ဖို့ ခြေလှမ်းပြင်နေတာလို့လည်း စိုးရိမ်မှုတွေ ရှိနေပါတယ်။
Source : Reuters