အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်နဲ့ ၇ ရက်တို့က ကျင်းပခဲ့တဲ့ ၈ ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့အတွက် တရုတ်နိုင်ငံ၊ ကူမင်းမြို့ကို ၃ ရက်ကြာခရီး သွားရောက်ခဲ့ပါတယ်။
နိုင်ငံတော်အဆင့်ခရီးစဉ် မဟုတ်ပေမဲ့ စစ်ခေါင်းဆောင်ဟာ ထိပ်သီးအစည်းအဝေးရဲ့ ဆက်စပ်အစည်းအဝေးအနေနဲ့ တရုတ်ဝန်ကြီးချုပ် လီချန်၊ တရုတ်နိုင်ငံတော်ကောင်စီဝင်နဲ့ တရုတ်အစိုးရဝန်ကြီးများအဖွဲ့ အတွင်းရေးမှူးချုပ် ဝူကျန်းလုံတို့အပါအဝင် ယူနန်ပြည်နယ် ဒေသအကြီးအကဲတွေနဲ့ တွေ့ဆုံခွင့်ရခဲ့ပြီး ကုန်သွယ်ရေး၊ တရုတ်နယ်စပ်တလျှောက် တည်ငြိမ်ရေးနဲ့ မြန်မာစစ်ဘေးဒုက္ခသည်တွေ တရုတ်နိုင်ငံဘက်သို့ ဝင်ရောက်မှု တားဆီးရေးစတဲ့ ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ခေါင်းဆောင်ခရီးစဉ်နဲ့ မရှေးမနှောင်းဆိုသလို အိန္ဒိယအစိုးရက ရန်ပုံငွေထောက်ပံ့ပေးထားတဲ့ ကမ္ဘာ့ရေးရာ အိန္ဒိယကောင်စီ (ICWA) ကလည်း စစ်ကောင်စီနဲ့ ဆက်နွှယ်နေတဲ့ အရပ်ဘက်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီတွေ၊ စစ်ကောင်စီအဖွဲ့ဝင်တွေ စုစုပေါင်း ၁၇ ယောက်ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ မြို့တော် နယူးဒေလီမှာ နိုဝင်ဘာ ၄ ရက်နဲ့ ၅ ရက်က တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ မီဒီယာတွေရဲ့ ဖော်ပြချက်အရ နယူးဒေလီဟာ စစ်ကောင်စီကို တွန်းလှန်နေတဲ့ အတိုက်အခံ ကိုယ်စားလှယ်အဖွဲ့ကိုလည်း အလားတူ တွေ့ဆုံဆွေးနွေးသွားဖို့ ဖိတ်ကြားထားတယ်လို့ သိရပါတယ်။
ဒါဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်မှာ အာဏာသက်ရောက်နိုင်မယ့် အရွေ့တခုကို ပုံဖော်နိုင်ဖို့အတွက် အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့ကြား တိတ်တဆိတ် အားပြိုင်နေမှုကို ရှေ့ဆင့်နောက်ဆင့် ကျင်းပခဲ့တဲ့ ဒီအစည်းအဝေး ၂ ခုက မီးမောင်းထိုးပြနေပြီး ဒီအစည်းအဝေးတွေကနေ မြန်မာ့အရေးအတွက် အရေးပါတဲ့ မဟာဗျူဟာမြောက် အပြောင်းအလဲတွေ ဖော်ဆောင်နိုင်လိမ့်မယ်လို့ နှစ်နိုင်ငံစလုံးက ရှုမြင်ထားပုံရပါတယ်။
ပထဝီဝင်အနေအထားနဲ့ စီးပွားဆက်ဆံရေးအရ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ ပဋိပက္ခဟာ အနောက်နိုင်ငံအပေါ် ရိုက်ခတ်မှု ထွေထွေထူးထူး မရှိတဲ့အတွက် အမေရိကန်နဲ့ မိတ်ဖက်ဥရောပနိုင်ငံတွေအနေနဲ့ မြန်မာ့အရေးကို ကြားဝင်ဖြေရှင်းပေးဖို့ ပျက်ကွက်နေကြချိန်မှာ မြန်မာနိုင်ငံနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့ကတော့ မြန်မာနိုင်ငံမှာ ကြီးမားတဲ့ အကျိုးစီးပွားတွေ ရှိနေတဲ့အပြင် နယ်စပ်ဖြတ်ကျော် ရိုက်ခတ်မှုတွေနဲ့ မတည်ငြိမ်မှုတွေ ဖြစ်လာမှာကို စိုးရိမ်မှုတွေ ရှိနေတာကြောင့် မြန်မာ့အရေးမှာ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေကြတာလည်း ဖြစ်ပါတယ်။
ဖြစ်ချင်တော့ အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့ကြားမှာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အကျိုးအမြတ်နဲ့ စိုးရိမ်ချက်တွေဟာ မတူကွဲပြားပေမဲ့ မြန်မာ့အရေးအပေါ် နှစ်နိုင်ငံစလုံးရဲ့ ချဉ်းကပ်မှုပုံစံကတော့ ဆင်တူနေပါတယ်။ အနောက်နိုင်ငံတွေဟာ စစ်ကောင်စီအပေါ် အရေးယူပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပြီး စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကိုလည်း တံခါးပိတ်ထားပေမဲ့ အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့ကတော့ မြန်မာပြည်တွင်းစစ်မှာ ပါဝင်နေတဲ့ သက်ဆိုင်ရာ အဖွဲ့အသီးသီးနဲ့ စေ့စပ်ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ဆောင်နေကြတာပါ။
အိန္ဒိယနဲ့ မတူတဲ့အချက်ကတော့ တရုတ်ဟာ မြန်မာစစ်တပ်ကို ကာလကြာ ထောက်ပံ့ပေးနေသလို အထူးသဖြင့် ခိုင်မာတဲ့ သမိုင်းဝင် ဆက်ဆံရေးတွေရှိနေတဲ့ မြန်မာနိုင်ငံမြောက်ပိုင်းက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့လည်း တွေ့ဆုံဆွေးနွေးမှုတွေကို ပေါ်ပေါ်ထင်ထင် လုပ်ဆောင်နေခဲ့တာ ဖြစ်ပါတယ်။
အိန္ဒိယကတော့ စစ်ကောင်စီကိုပဲ အဓိကထား ချဉ်းကပ်ခဲ့ရာကနေ နောက်ပိုင်းမှသာ မြန်မာနိုင်ငံမှာ တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှုကို တုံ့ပြန်နိုင်ဖို့အတွက် သူ့ရဲ့ လိုအပ်ချက်တွေကို ပြန်လည် အကဲဖြတ် သုံးသပ်မှုတွေ လုပ်ဆောင်ခဲ့ပုံရပြီး မကြာသေးခင်ကာလကမှ တော်လှန်ရေးအဖွဲ့တွေနဲ့ပါ ထိတွေ့ဆက်ဆံလာခဲ့တာ ဖြစ်ပါတယ်။
တရုတ်အနေနဲ့ မြန်မာ့အကျပ်အတည်းမှာ အရေးပါတဲ့ ကြားဝင် စေ့စပ်ပေးသူနေရာကို ရယူနိုင်ဖို့နဲ့ မြန်မာနိုင်ငံမှာ ဘယ်အစိုးရပဲတက်လာသည်ဖြစ်စေ သူ့ရဲ့ဩဇာလွှမ်းမိုးမှုကို ဆက်ထိန်းထားနိုင်ဖို့အတွက် နှစ်ဖက်စလုံးနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေကို တောက်လျှောက်ဆိုသလို လုပ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံအတွက် စီးပွားရေးအရရော၊ ပထဝီဝင်အနေအထားအရပါ မဟာဗျူဟာကျကျ အရေးပါနေတဲ့ မြန်မာနိုင်ငံမြောက်ပိုင်း ဒေသတွေက တိုင်းရင်းသား လက်နက်ကိုင်တွေကို ထောက်ပံ့ပေးခြင်းအားဖြင့်လည်း တရုတ်အနေနဲ့ သူ့ရဲ့ ရင်းနှီးမြှပ်နှံမှုတွေကို ကာကွယ် စောင့်ရှောက်ပြီးသားဖြစ်သလို နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းတွေလည်း လွယ်ကူချောမွေ့စေမှာ ဖြစ်ပါတယ်။
အာဏာသိမ်းမှု ၃ နှစ်ကြာရှိလာချိန်မှာတော့ တရုတ်စီမံကိန်းတွေနဲ့ တရုတ်နိုင်ငံသားတွေရဲ့ ဘေးကင်းလုံခြုံရေးကို စစ်ကောင်စီက အာမခံချက် မပေးနိုင်မှုနဲ့ မြန်မာနိုင်ငံမြောက်ပိုင်းနယ်စပ်မှာ မာဖီးယားဂိုဏ်းတွေ ဆောင်ရွက်နေတဲ့ အွန်လိုင်းငွေကြေး လိမ်လည်မှုလုပ်ငန်းတွေကို ရှင်းလင်းအရေးယူနိုင်ခြင်း မရှိမှုတို့နဲ့ပတ်သက်ပြီး တရုတ်ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ တိုးမြှင့်လုပ်ဆောင်ခြင်းအားဖြင့် စစ်ခေါင်းဆောင်အပေါ် သူ့ရဲ့အလိုမကျမှုကို တဖက်လှည့်နဲ့ ပြသခဲ့ပါတယ်။ ဒါပေမဲ့လည်း နောက်ပိုင်းမှာတော့ တရုတ်ဟာ စစ်ကောင်စီနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား သူ့ရဲ့ ဟန်ချက်ညီ ဆက်ဆံရေးကို ဆက်ထိန်းထားနိုင်ဖို့ ရုန်းကန်လာခဲ့ရပါတယ်။
ဒီအခြေအနေတွေကြောင့်ပဲ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ကူမင်းခရီးစဉ်ဟာ အရေးပါလာခဲ့တာ ဖြစ်ပါတယ်။ ပထမတချက်အနေနဲ့ စစ်ကောင်စီဟာ နိုင်ငံမြောက်ပိုင်းက အရေးပါတဲ့မြို့တွေအပါအဝင် နိုင်ငံတဝန်း နယ်မြေ အတော်များများကို လက်လွှတ်ဆုံးရှုံးထားပေမဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ရေရှည်လုပ်ငန်းစဉ်မှာ အခရာကျတဲ့ အစိတ်အပိုင်းတခုအနေနဲ့ ပါဝင်နေတယ်လို့ တရုတ်က ရှုမြင်ထားပါတယ်။ ဒါကြောင့်ပဲ ကူမင်းခရီးစဉ် အတွင်းမှာ တရုတ်ဝန်ကြီးချုပ် လီချန်က နိုင်ငံရေးအရ ပြန်လည်သင့်မြတ်ရေးနဲ့ တရုတ်နိုင်ငံသားတွေနဲ့ တရုတ် စီမံကိန်းတွေ ဘေးကင်းလုံခြုံမှုရှိရေးမှာ စစ်တပ်ဟာ အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတဲ့အကြောင်း ထုတ်ဖော် ပြောဆိုသွားခဲ့တာပါ။
ဒုတိယအချက်အနေနဲ့ကတော့ တရုတ်ရဲ့ ဒီသဘောထားတွေဟာ အထူးအဆန်း မဟုတ်ပေမဲ့ ဒေသတွင်း ထိပ်သီးအစည်းအဝေးမှာ စစ်ကောင်စီကို ဖိတ်ကြားခဲ့တာဟာ တရုတ်အနေနဲ့ စစ်ကောင်စီနဲ့ ခဏတာ ယိုယွင်းခဲ့တဲ့ ဆက်ဆံရေးကို ပြန်လည်တည်ဆောက်သွားလိုတဲ့ သဘောရှိပြီး အထူးသဖြင့် အာဆီယံနိုင်ငံတွေနဲ့ သံတမန် ဆက်ဆံရေးမှာ ဖဲကြဉ်ခြင်းခံထားရတဲ့ စစ်ခေါင်းဆောင်ကို ပွဲထုတ်သွားလိုတဲ့သဘော ရှိပါတယ်။
ဒီခရီးစဉ်ဟာ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် မဟုတ်ဘူးလို့ ဆိုပေမဲ့လည်း သံတမန်ရေးနယ်ပယ်မှာ လူရာအသွင်းမခံရတဲ့ စစ်ကောင်စီအတွက်တော့ အရေးပါတဲ့ ခရီးစဉ်တခုဖြစ်ပါတယ်။ တရုတ်ကြီးစိုးထားတဲ့ ဒေသတွင်း ဖိုရမ်ကို တက်ရောက်ဖို့ တရုတ်က စစ်ခေါင်းဆောင်ကို ဖိတ်ကြားခဲ့တာနဲ့ပတ်သက်လို့ တခြားနိုင်ငံတွေအနေနဲ့ ကန့်ကွက်တာမျိုး မရှိခဲ့တာကြောင့် ဒီအစည်းအဝေးကို အကြောင်းပြုပြီး စစ်ခေါင်းဆောင်အတွက် သံတမန်ရေး မျက်နှာစာမှာ လမ်းပွင့်သွားနိုင်ပါတယ်။
တချိန်တည်းမှာပဲ အိန္ဒိယနိုင်ငံကလည်း မြန်မာ့အရေးမှာ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်ခြင်းအားဖြင့် သူ့ရဲ့ ချဉ်းကပ်ပုံနည်းလမ်းကို သိသိသာသာ ပြောင်းလဲလာနေပါတယ်။ အကျိုးဆက်အနေနဲ့ အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့ဟာ မြန်မာ့ပဋိပက္ခရဲ့ အဖြေရလဒ်ကို ပုံဖော်နိုင်ဖို့အတွက် တနိုင်ငံနဲ့တနိုင်ငံ မသိမသာ ယှဉ်ပြိုင်မှုတွေ ရှိလာခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အားလုံးပါဝင်တဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းစဉ်ကို ထောက်ပံ့ပေးနိုင်ဖို့အတွက် သက်ဆိုင်သူအဖွဲ့အားလုံးကို ဆွေးနွေးပွဲစားပွဲဝိုင်းရောက်အောင် ဆောင်ကြဉ်းနိုင်ရေး ကြိုးပမ်းရာမှာ အိန္ဒိယအနေနဲ့ မိတ်ဖက်အာဆီယံနိုင်ငံတွေနဲ့ အတူလက်တွဲ ဆောင်ရွက်သွားဖို့လိုအပ်သလို အမေရိကန်နဲ့ တခြားမဟာမိတ်နိုင်ငံတွေကိုလည်း စေ့ဆော်တိုက်တွန်းမှုတွေ လုပ်ဆောင်သွားဖို့ လိုအပ်ပါတယ်။
ဒီဗန်ဒရာကူးမား