တရုတ်နိုင်ငံ၊ ကျန်းစူးပြည်နယ်၊ ယီရှင်းမြို့ ဝူရှီး ဝိဇ္ဇာနဲ့ နည်းပညာသိပ္ပံမှာ နိုဝင်ဘာ ၁၆ ရက် ည ၆ နာရီဝန်းကျင်က စာမေးပွဲကျတဲ့ ကောလိပ်ကျောင်းသားက ကျောင်းမှာ ဓားနဲ့ လိုက်ထိုးလို့ လူ ၈ ယောက် သေဆုံးပြီး ၁၇ ယောက် ဒဏ်ရာရခဲ့ပါတယ်။
လူမှုကွန်ရက်မှာ ပျံ့နေတဲ့ ဗီဒီယိုဖိုင်မှာ ကွင်းပြင်ထဲမှာ ကျူးလွန်သူကို လူတချို့က ဓာတ်မီးတွေ၊ ဒိုင်းတွေနဲ့ ကာပြီး ဝိုင်းဝန်းဖမ်းဆီးနေပုံ မြင်တွေ့ခဲ့ရပါတယ်။ အသက် ၂၁ နှစ်အရွယ် ကျူးလွန်သူဟာ စာမေးပွဲကျသလို စက်ရုံတစ်ရုံမှာ အလုပ်သင်အဖြစ် ဝင်အလုပ်လုပ်တော့လည်း လစာနည်းလို့ ဒေါသထွက်နေသူ ဖြစ်တယ်လို့ ဆိုပါတယ်။
အွန်လိုင်းမှာ ပြန့်နေတဲ့ သူ့ရဲ့ သေတမ်းစာထဲမှာ သူ့နာမည်အပြည့်အစုံနဲ့ စက်ရုံလုပ်သားတွေ ခေါင်းပုံဖြတ်ခံရတာကို မကျေနပ်ကြောင်းတွေ ရေးထားပါတယ်။
ဒီသက်မွေးပညာသင်ကောလိပ်မှာ ကျောင်းသား ၁၀,၀၀၀ ကျော်ရှိပြီး ဝန်ထမ်း ၅၉၀ ရှိပါတယ်။ ဒါဟာ တရုတ်ပြည်မှာ တပတ်အတွင်း ဒုတိယအကြိမ်မြောက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုလည်း ဖြစ်ပါတယ်။
အိမ်ထောင်ကွဲပြီး အဆင်မပြေတဲ့သူတဦးက လေ့ကျင့်ခန်းလုပ်နေတဲ့ လူအုပ်ကြီးထဲ ကားနဲ့ လိုက်တိုက်လို့ ၃၅ ယောက် သေဆုံးတဲ့ဖြစ်စဉ်အပြီး တပတ်မပြည့်ခင်မှာတင် အခုလို ဓားထိုးမှု ဖြစ်ပေါ်ခဲ့တာပါ။
Source: Reuters