Home
မြန်မာသတင်း
မြန်မာ့အရေး တရုတ်စွက်ဖက်မှု ဆန့်ကျင်ရန် ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှု ဖော်ဆောင်မည်
DVB
·
November 18, 2024

တရုတ်နိုင်ငံရဲ့ ဝင်ရောက်စွက်ဖက်မှုကို ဆန့်ကျင်ရေး ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုကို ဖော်ဆောင်ဖို့ ကမ္ဘာလုံးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ ကျင်ပရေးကော်မတီက ဆုံးဖြတ်ချက် ချလိုက်ပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲတွေကို အောက်တိုဘာလမှာ ၂ ကြိမ်၊ နိုဝင်ဘာလဆန်းမှာ ၁ ကြိမ် ကျင်းပခဲ့ပြီးနောက် တရုတ်နိုင်ငံရဲ့ ဝင်ရောက်စွက်ဖက်မှုကို ဆန့်ကျင်ရေး ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုကို ဖော်ဆောင်ဖို့အချက် အပါအဝင် အချက် ၄ ချက်ကို ဆွေးနွေးပွဲကျင်းပရေး ကော်မတီက ဆုံးဖြတ်ချက်ချခဲ့ကြောင်း နိုဝင်ဘာ ၁၆ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်ခဲ့တာပါ။

ကမ္ဘာလုံးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲတွေမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ခေါင်းဆောင်တွေ၊ ကိုယ်စားလှယ်တွေ၊ NUG၊ NUCC တာဝန်ရှိသူတွေ၊ ရွေးကောက်ခံ ကိုယ်စားလှယ်တွေ၊ မြေပြင်တပ်ရင်းတပ်ဖွဲ့ ကိုယ်စားလှယ်တွေ၊ ပြည်တွင်းပြည်ပ အင်အားစုတွေနဲ့ တတ်သိပညာရှင် စုစုပေါင်း ၁၃၀ ကျော် တက်ရောက်ဆွေးနွေးခဲ့ကြပြီး ဒီဆုံးဖြတ်ချက်တွေကို ချမှတ်ခဲ့တာဖြစ်ပါတယ်။

ဆွေးနွေးပွဲတွေမှာ လက်နက်ကိုင်အင်အားစုတွေ ဝင်ရောက်ဆွေးနွေးခဲ့ပေမဲ့ သံတမန်ရေးနဲ့ အခြေအနေ အမျိုးမျိုးကြောင့် ဘယ်အဖွဲ့တွေ ပါဝင်ဆွေးနွေးခဲ့တယ် ဆိုတာကိုတော့ တရားဝင် ထုတ်ဖော်ပြောဆိုတာမျိုး မရှိခဲ့ပါဘူး။

Learn and Share-လေ့လာဝေမျှ အဖွဲ့မှ ဦးကိုကိုလေးက “ဘယ်နိုင်ငံကမှ ကျနော်တို့နိုင်ငံကို စွက်ဖက်တာကို မလိုလားပါဘူး။ ကျနော်တို့ ဘယ်ဘက်မှ မယိမ်းဘူးဆိုတာလည်း ပြောထားတဲ့အတွက်ကြောင့် နဂိုကတည်းက ဘက်မလိုက်ဝါဒအတိုင်း ရပ်တည်ပြီးတော့ ပြည်သူတွေရဲ့ အကျိုးစီးပွားကိုပဲ ကြည့်ရှုပြီးတော့ ဆုံးဖြတ်လုပ်ကိုင်သွားကြမှာ ဖြစ်ပါတယ်။ အဲဒါကလည်း ကျ‌နော်တို့မဟုတ်ပါဘူး၊ State Holder တွေ ဖြစ်ပါတယ်။ တရုတ်ဝင်ရောက်လာမှုနဲ့ ပတ်သက်လို့ကတော့ Balance ဖြစ်ဖို့အတွက် ကျနော်တို့ ပြည်သူတွေကို လူသားစာနာအကူအညီတွေ ပေးဖို့၊ ခုခံကာကွယ်ဖို့ Early Warning System တွေ ရဖို့ကိုတော့ ကျနော်တို့ အစကတည်းက တောင်းဆိုနေတာ ဖြစ်တဲ့အတွက် ဆက်လက် ကျနော်တို့ တောင်းဆိုမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပရေးကော်မတီက ချမှတ်ခဲ့တဲ့ နောက်ထပ် ဆုံးဖြတ်ချက် ၃ ခုကတော့ အားလုံးပါဝင်ပြီး တရားဝင်မှုရှိတဲ့ စုဖွဲ့မှုရရေး လုပ်ငန်းစဉ်တရပ် ရေးဆွဲထားပြီး လုပ်ငန်းစဉ်ဖော်ဆောင်ဖို့၊ တော်လှန်ရေးအင်အားစုတွေ အချင်းချင်းကြား ပြဿနာတွေကို သေနတ်မဖောက်ဘဲ ဆွေးနွေးအဖြေရှာရေးမူကို ကိုင်စွဲဖို့၊ နိုင်ငံတကာ အစိုးရတွေဆီကို လူထုအမြင်တွေ၊ အကြံပြုချက်တွေကို တရားဝင် အိတ်ပိတ်ပေးစာပေးပို့ဖို့ စတဲ့အချက်တွေ ဖြစ်ပါတယ်။

Save Myanmar-America အဖွဲ့မှ ဦးရင်အေးက “ပြဿနာတွေ ဖြစ်လာခဲ့လို့ရှိရင် သေနတ်မဖောက်ဘဲနဲ့ တွေ့ဆုံဆွေးနွေးရမယ် ဆိုတဲ့မူက ကျနော်တို့ Seminar ကနေ အနိမ့်ဆုံးအဆင့်နဲ့ လက်ရှိ State Holder တွေ ဒီအဆင့်ကိုတော့ သဘောတူညီမှု ရထားသင့်တယ် ဆိုပြီးတော့ ကျနော်တို့က ပြင်းပြင်းထန်ထန် တိုက်တွန်းတဲ့အချက်ပဲ ဖြစ်ပါတယ်။ ကျနော်တို့ သဘောတူညီထားတဲ့အချက် မဟုတ်သေးပါဘူး။ ဒါကို ကျနော်တို့ ရှင်းလင်းစေချင်ပါတယ်။ ကျနော်တို့ Seminar ကနေ ဒါကို အလေးအနက် တိုက်တွန်းသွားဖို့အတွက် ကျနော်တို့ ဆုံးဖြတ်ချက်ချခဲ့တာပါ။ ဒါသည် အင်မတန် အရေးကြီးပါတယ်။ ကျနော်တို့ရဲ့ စည်းလုံးညီညွတ်မှု ဆိုတာကို တကမ္ဘာလုံးကနေ မေးခွန်းတွေ ထုတ်နေကြတဲ့အချိန်မှာ ကျနော်တို့က ဒီအနိမ့်ဆုံးအဆင့် သဘောတူညီချက် ငါတို့မှာ ရှိပါတယ်။ ဆွေးနွေးဆုံးဖြတ်ပြီးတော့မှ ငါတို့ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုကို ထူထောင်မှာဖြစ်တယ်ဆိုတဲ့ ပုံရိပ်ကို ပြသဖို့အတွက် အနိမ့်ဆုံးအဆင့်ဟာ ဒါဖြစ်ပါတယ်” လို့ ပြောပါတယ်။

မြန်မာ့အရေးအတွက် နိုင်ငံတကာအစိုးရတွေရဲ့ အာရုံစိုက်မှုရလာဖို့ ပြည်ပရောက် တော်လှန်ရေးအစုအဖွဲ့တွေက နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားနေတာဖြစ်ပြီး နိုင်ငံတကာ အစိုးရတွေနဲ့ အဖွဲ့အစည်းတွေကို ချဉ်းကပ်နိုင်ဖို့ တတ်သိပညာရှင်တွေရဲ့ အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

INMSR မှ CEC ဒေါ်ခင်သီရိနန္ဒာစိုးက “အမေရိကန်အစိုးရ တခုတည်း မဟုတ်ပါဘူး၊ အိန္ဒိယအစိုးရရော၊ အာဆီယံရော၊ အီးယူရော၊ ကုလသမဂ္ဂလည်း ပါပါတယ်။ အကုန်လုံးကို ချဉ်းကပ်ပြီးတော့ အခုဆိုရင် ကုလမှာ အမေရိကန် ကိုယ်စားပြုသူတွေဆိုလည်း အသစ်တွေ ပြောင်းဖို့တွေ ရှိတယ်ဆိုတော့ ကျမတို့ ဘက်စုံကနေပြီးတော့ ချဉ်းကပ်ဖို့ရှိပါတယ်။ ထိုင်း၊ အာဆီယံ၊ တရုတ်နဲ့ ပတ်သက်တာတွေကတော့ ကျမတို့မှာ ကျွမ်းကျင်သူတွေ တော်တော်များများ ဝိုင်းဝန်းပံ့ပိုးကူညီနေတာတွေ ရှိတယ်။ ဒါပေမဲ့ ကျမတို့အနေနဲ့ အိန္ဒိယနဲ့ ပတ်သက်ပြီးတော့ ကျွမ်းကျင်ပညာရှင်တွေ ကျမတို့ အများကြီးလိုအပ်နေပါတယ်။ ဒီလိုမျိုး ကျွမ်းကျင်မှုတွေ ကိုယ့်မှာရှိတယ်ဆိုရင် ကျမတို့ကို ဆက်သွယ်ပါ။ ဒီနေရာကနေ ဖိတ်ခေါ်ချင်ပါတယ်” လို့ ပြောပါတယ်။

အောက်တိုဘာနဲ့ နိုဝင်ဘာလတွေမှာ ကျင်းပပြီးစီးခဲ့တဲ့ ကမ္ဘာလုံးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ ၃ ကြိမ်မှာ နိုင်ငံတကာဖိအားတွေမှာ အဓိကအကျဆုံးဖြစ်နေတဲ့ တရုတ်အစိုးရရဲ့ မြန်မာပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်လာမှုကို တော်လှန်ရေးအင်အားစုအားလုံးက ပြန်တုံ့ပြန်နိုင်ဖို့ မဟာဗျူဟာနဲ့ လုပ်ငန်းစဉ်တွေ တိုင်ပင်ရေးဆွဲရေးနဲ့ အားလုံးပါဝင်နိုင်တဲ့ တရားဝင်မှုကိုလည်း တပါတည်းရရှိနိုင်မယ့် စုဖွဲ့မှုကို ဖော်ဆောင်နိုင်ဖို့ နည်းလမ်းတွေ ရှာဖွေရေး စတဲ့အချက် ၂ ချက်ကို အဓိကထား ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013