ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်၊ ကညင်ဆိုင်ကျေးရွာအုပ်စုမှာ စစ်မှုထမ်းဖို့ လူစုဆောင်းမပေးနိုင်တဲ့ အုပ်ချုပ်ရေးမှူးကို ဖြုတ်လိုက်ပြီး ကြံ့ခိုင်ရေး ပါတီဝင်တယောက်ကို အစားထိုးခန့်လိုက်တယ်လို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူ ဆီကသိရပါတယ်။
ကညင်ဆိုင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်ဦးကို မြို့နယ်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးက ဒီဇင်ဘာ ၁၁ ရက် ဖြုတ်ချလိုက်ပြီး ဒီဇင်ဘာ ၁၂ ရက်မှာ ကြံ့ခိုင်ရေး ပါတီဝင် ဦးအောင်ခိုင်နဲ့ အစားထိုး ခန့်လိုက်တာ ဖြစ်ပါတယ်။
ဒေသခံ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူက ''မြင့်ဇော်ဦးကို လူစုဆောင်းမပေးနိုင်လို့ ဖြုတ်ချလိုက် တယ်လို့သိရတယ်။ အသစ်ခန့်ထားတဲ့ အုပ်ကြီးက ကြံ့ခိုင်ရေးပါတီရပ်ကျေး စည်းရုံးရေးမှူးပါ။ အဖြုတ်ခံရတဲ့အုပ်ကြီးက တခြားအကြောင်းအရင်းတွေလည်း ရှိလိမ့်မယ်။ အသစ်ခန့်ထားတဲ့ အုပ်ကြီးက အလောင်းကစားဝိုင်းပေါင်းစုံ အကုန်လုပ်တဲ့သူ''လို့ ပြောပါတယ်။
ကညင်ဆိုင်ကျေးရွာအုပ်စုဟာ မကျည်းရွာ၊ ရွာသစ်၊ လိပ်အိုင်၊ ကညင်ဆိုင်၊ အုန်းနွဲ့ရိုးရွာ၊ ကျီးအိုင်၊ ရိုးကြီး၊ အင်းတမိသဲကုန်း၊ ဦးမဲကုန်း၊ ကြာအင်းရွာစတဲ့ ကျေးရွာခွဲတွေနဲ့ ဖွဲ့စည်းထား တာဖြစ်ပါတယ်။
လက်ရှိ အုပ်ချုပ်ရေးမှူးအပြောင်းအလဲ လုပ်ထားတဲ့ ကျေးရွာမှာ စစ်ကောင်စီတပ် ကျုံပျော် ခလရ(၃၆)က စစ်သား ၁၅ ယောက်လာရောက် တပ်စွဲထားပြီး ရွာထဲကအရပ်သားတွေကို ညဘက် အပြင်မထွက်ဖို့ အမိန့်ထုတ်ထားတယ်လို့ သိရပါတယ်။
ကျုံပျော်မြို့နယ်က ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို တိုင်းစစ်ကောင်စီက စစ်မှုထမ်း အပတ်စဉ်တိုင်း သတ်မှတ်အင်အား ပြည့်မီအောင် တပ်သားစုဆောင်းပေးဖို့ အမှတ်စဉ် ၇ တပ်သားသစ်စုဆောင်းဖို့ အစည်းအဝေးမှာ သတိပေးထား ပါတယ်။