စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်မှာ ဇန်နဝါရီ ၅ ရက် တရက်တည်းမှာ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံခဲ့ရပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့သလို စစ်သုံ့ပန်းတွေလည်း ဖမ်းမိခဲ့တယ်လို့ ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ရွှေဘိုမြို့ အမှတ် ၈ လေ့ကျင့်ရေးကျောင်းကနေ ထွက်ပြီး ဝက်လက်နယ်ထဲ စစ်ကြောင်းပတ်ထိုးနေတဲ့ အင်အား ၇၇ ယောက်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဇန်နဝါရီ ၅ ရက် မနက်မှာ မင်းကုန်းရွာနဲ့ မှတ်ထိရွာအကြားမှာ တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကြောင်းတကြောင်းလုံးနီးပါး သေဆုံးခဲ့ပြီး သေနတ် ၄၅ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၇ ယောက် သေဆုံးပြီး ၆ ယောက်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ယောက်လည်း ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၄ ရက် ညနေမှာ ဝက်လက်မြို့နယ် အုန္နဲဘုတ်ရွာထဲ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဇန်နဝါရီ ၅ ရက် မနက်ပိုင်းမှာ ပိတ်ဆို့တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂၀ ကျော် သေဆုံးခဲ့ပြီး စစ်သုံ့ပန်း ၃ ယောက် ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က စစ်ကူအဖြစ် ဂျက်ဖိုက်တာ ၄ စီးနဲ့ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၀ကျော် ပြုလုပ်ခဲ့တဲ့အတွက် စစ်သားတွေ ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။
ရွှေဘိုခရိုင်အမှတ် ၁၈ တပ်ရင်း တာဝန်ရှိသူတယောက်က “စစ်ကိုင်းတပ်မ ၃၃ ကလာတဲ့ စစ်ကြောင်းဖြစ်ပါတယ်။ သူတို့က ၄ ရက်နေ့ ညနေပိုင်းမှာ အုန္နဲဘုတ်ရွာကို ဝင်စီးတယ်။ ကျနော်တို့က ၅ ရက်နေ့ မနက်ပိုင်း ၆ နာရီလောက်ကစပြီးတော့ သူတို့ရှိနေတဲ့ အုန္နဲဘုတ်ရွာကို ဝင်ပြီးတော့ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ တော်လှန်ရေးအင်အားစုတွေက ရွာကို ပိတ်ပြီးတော့ သူတို့ထွက်ပေါက်မရှိအောင် ကာပြီးတော့ ထိုးစစ်ဆင် တိုက်ခိုက်တာဖြစ်ပါတယ်။ တိုက်ပွဲကြာချိန်က ၆ နာရီနီးပါးလောက် ကြာသွားတယ်။ လေယာဉ် ၄ စီးနဲ့ လေကြောင်းပစ်ခတ်မှု အကြိမ် ၂၀ ကျော် လာလုပ်တော့ သူတို့ထွက်ပေါက်ရပြီး ဆုတ်ခွာသွားနိုင်တာပေါ့။ လေကြောင်းပစ်ကူသာမလာရင် သူတို့ စစ်ကြောင်းတကြောင်းလုံး ကုန်တယ်” လို့ ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတွေက သေဆုံးတပ်သားတွေကို မီးရှို့သင်္ဂြိုဟ်ခဲ့တဲ့အတွက် အုန္နဲဘုတ်ရွာက လူနေအိမ် အလုံး ၃၀ မီးလောင်ခဲ့ပြီး လူနေအိမ် ၇ လုံးလည်း လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်သားတွေက ဝက်လက်မြို့နယ် ရှိန်းမကား အထိုင်စခန်းထဲ ပြန်လည် ဝင်ရောက်သွားပြီး အုန္နဲဘုတ်ရွာက ပြည်သူ ၇၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။
ဝက်လက်မြို့နယ်မှာ လူသားချင်းစာနာကူညီနေသူတယောက်က “နင်းမိုင်းတွေ ဘာတွေလည်း တော်လှန်ရေးအဖွဲ့တွေက မရှင်းလင်းရသေးတဲ့အခါကျတော့ ရွာသားတွေကို အပြင်မှာပဲ ထားသေးတယ်။ ရွာထဲကို အဝင်မခံသေးဘူး။ ရွာအရှေ့ဘက်ကန်ရိုးတွေနဲ့ ရွာရဲ့မြောက်ဘက် ထန်းတောတွေထဲမှာ နေကြတယ်ဗျ။ အခုလက်ရှိ ရှောင်တာတော့ အုန္နဲဘုတ်တရွာတည်းပဲ ကျန်တော့တာ။ သူတို့က တညအိပ်သွားတာဆိုတော့ နင်းမိုင်းတွေ ဘာတွေများ ရှိမလားလို့ ရှင်းလင်းရေး သေချာလုပ်နေတုန်းမလို့။ ရွာသူရွာသားတွေကို ပြန်မဝင်ခိုင်းသေးတာ။ ကျေးရွာ ပအဖနဲ့ ပကဖက ဆန်ဆီကို သယ်ထုတ်ပြီးတော့ စစ်ရှောင်တွေဘက်မျှပြီး ချက်စားနေကြတယ်။ မြေပြင်မှာ အိပ်နေကြရတာ သစ်ပင်တွေအောက်တို့ မိုးကာတွေခင်းပြီးတော့” လို့ ပြောပါတယ်။
ဇန်နဝါရီ ၇ ရက်ကစလို့ အုန္နဲဘုတ်ရွာထဲ နယ်မြေရှင်းလင်းနေပြီး အမိုးအကာနဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်အရေး အကူအညီပေးနေသူတွေက ပြောပါတယ်။
မကွေးတိုင်းထဲမှာလည်း ပခုက္ကူမြို့ကနေ မြိုင်နယ်ဘက်ကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံပြည်သူ သောင်းနဲ့ချီပြီး တိမ်းရှောင်နေရပါတယ်။
ပခုက္ကူမြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံ တပ်မ ၁၀၁ က စစ်ကြောင်း ၃ ကြောင်းခွဲကာ အင်အား ၅၀၀ ဝန်းကျင်နဲ့ မြိုင်မြို့နယ်ဘက်ကို စစ်ကြောင်းထိုးလာကာ အရပ်သားတချို့ကို ဖမ်းဆီးကာ ပြည်သူပိုင်ပစ္စည်းတွေကိုလည်း အဓမ္မယူဆောင်တာတွေ ရှိနေပါတယ်။
ဒါ့ကြောင့် ဒေသခံတော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး ပခုက္ကူ- မြိုင် လမ်းတလျှောက်မှာရှိတဲ့ ကျေးရွာပေါင်း ၃၀ ဝန်းကျင်က ပြည်သူလူထုသောင်းနဲ့ချီကာ တိမ်းရှောင်နေရတယ်လို့ နယ်ခံတွေက ပြောပါတယ်။
ပခုက္ကူမှာရှိတဲ့ စစ်ကောင်စီတပ်ဟာ မြိုင်နယ်ဘက်ကို ဇန်နဝါရီ ၅ ရက်ကစပြီး ခြေလျင်စစ်ကြောင်းအင်အား ၅၀၀ ဝန်းကျင်အပြင် ဘတ်ဖိုးကား ၂ စီး၊ ကုန်တင်ယာဉ်အစီး ၃၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတာပါ။
အဲဒီစစ်ကြောင်းဟာ မုံညှင်းမြောက်ဘက်စုက ပြည်သူတချို့နဲ့ ကုန်တကန်ရွာက အရပ်သား ၃ ယောက်ကို ဖမ်းထားတဲ့အပြင် အဖိုးတန်ပစ္စည်းတွေကို အဓမ္မယူဆောင်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ပခုက္ကူနဲ့ မြိုင်ဒေသမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားလာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းရန်ကို အထူးသတိပြုကြဖို့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက သတိပေးထားပါတယ်။
အခုလက်ရှိ နွေဦးတော်လှန်ရေးဟာ ပြည်သူ့ခုခံတွန်းလှန်စစ် ဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ နိုင်တဲ့ဘက်က ပူးပေါင်းပါဝင်ပေးဖို့လည်း ရဲဘော်တွေက တိုက်တွန်းတောင်းဆိုပါတယ်။
သီရိ