Home
မြန်မာသတင်း
အနန်းကွင်းစစ်ဗျူဟာကို စစ်ကူလာသည့် စစ်ကြောင်းတိုက်ခိုက်ခံရပြီး  ဗျူဟာမှူး  ထွက်ပြေး
DVB
·
January 8, 2025

သံဖြူဇရပ်-ဘုရားသုံးဆူလမ်းပေါ်က အနန်းကွင်းစစ်ဗျူဟာကို စစ်ကူလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်း ကြားဖြတ် တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ လောက် သေဆုံးပြီး ဗျူဟာမှူးအပါအဝင်  ကစဉ့်ကလျား ထွက်ပြေးသွားတယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) တပ်ဖွဲ့မှူးက DVB ကို ပြောပါတယ်။ 

အနန်းကွင်းစစ်ဗျူဟာကို သိမ်းပိုက်နိုင်ဖို့ KNLA ပူးပေါင်းစစ်ကြောင်းတွေက ဝိုင်းဝန်းပိတ်ဆို့ပြီး တိုက်ခိုက်တာကြောင့် စစ်ကူအင်အားဖြည့်တင်းဖို့လာရောက်တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဒီဇင်ဘာ  ၂၉ ရက်ကစတင်ပြီး ဇန်နဝါရီ ၂ ရက်အထိ KNLA SOF SOG နဂါးနီ၊ ဒရုန်းတပ်ဖွဲ့တွေရဲ့ ကြားဖြတ်တိုက်ခိုက်တာကို ခံခဲ့ရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၄၀ လောက်ရရှိပြီး လက်နက် ၃၀ ကျော် သိမ်းဆည်းရရှိခဲ့ပါတယ်။ ကျန်တပ်ဖွဲ့ဝင်တချို့ ကစဉ့်ကလျားနဲ့ ပြန်ဆုတ်သွားပြီး ဗျူဟာမှူးအသစ် အပါအဝင် အယောက် ၃၀ ကျော်ဟာ အနန်းကွင်းဗျူဟာ စခန်းထဲကို ရောက်ရှိသွားခဲ့ပါတယ်။

အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) တပ်ဖွဲ့မှူး အောင်စံရှားက “အဓိကကတော့ အနန်းကွင်းကို စစ်ကူလာတဲ့ စစ်ကြောင်းနဲ့  တိုက်ပွဲဖြစ်တယ်။ အနန်းကွင်းဗျူဟာ စခန်းရဲ့ ၁ မိုင်ခွဲ ၂ မိုင်လောက် အကွာအဝေးလောက်မှာ တိုက်ပွဲဖြစ်တာပါ။ တချို့ဆိုရင် လက်နက်မယူတော့ဘူး။ လူချည်းပဲ ဝင်သွားကြတယ်။ အဲဒီမှာ ဗျူဟာမှူးအသစ်တယောက်ပါ ပါသွားတယ်။ အခုကတော့ တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေ အနေနဲ့ စစ်ကူစစ်ကြောင်းကို ချေမှုန်းလိုက်နိုင်သလို အနန်းကွင်း ဗျူဟာစခန်းကို ထပ်ပြီးတော့ ပိတ်ဆို့ထားပြီး လက်နက်ကြီး ဒရုန်းတွေနဲ့ စစ်ရေးက ဆက်တိုက်လုပ်နေတာ ရှိပါတယ်” လို့ ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က မြေပြင်နဲ့ ဝေဟင်ကနေ ပစ်ကူပေး ပစ်ခတ်ခဲ့ပါတယ်။

တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းအဖွဲ့ဘက်က ၃ ယောက်ကျဆုံးပြီး ၁၀ ယောက်လောက် မစိုးရိမ်ဒဏ်ရာ ရရှိခဲ့ပါတယ်။ သံဖြူဇရပ်-ဘုရားသုံးဆူလမ်းပေါ်က အနန်းကွင်းစစ်ဗျူဟာစခန်း ရှိနေတာကြောင့် ဖြတ်သန်းသွားလာရာမှာ  စိုးရိမ်နေရတယ်လို့ ဒေသခံတယောက်က  ပြောပါတယ်။

“ကျနော်တို့  ဒီစခန်းတွေမရှိဘူးဆိုရင် လမ်းတွေလည်း ဖြောင့်ဖြောင့်ဖြူးဖြူး သွားရမှာပေါ့။ နောက်ပြီးတော့ အခုက လိုက်ပတ်နေရတယ်။ အနန်းကွင်းဆိုရင် တခြားလမ်းတွေက ပိုဝေး ပိုကြမ်းတဲ့ လမ်းတွေက လိုက်သွားနေရတယ်။ အချိန်လည်းကြာတယ်။ စခန်းမရှိဘူးဆိုရင် အေးအေးလူလူ အားလုံးက။ စခန်းရှိနေရင် အလိုလိုနေရင်းနဲ့ စိုးရိမ်စိတ်တွေ ဖြစ်တယ်။”

အနန်းကွင်းစစ်ဗျူဟာမကျရေး စစ်ကောင်စီတပ်ဘက်က မြေပြင်နဲ့ ဝေဟင်ကနေ ပစ်ကူပေး တိုက်ခိုက်နေတာကြောင့် အနန်းကွင်း၊ လွတ်ရှမ်း၊ တညင်၊ ဖာယာ၊ ကျားမီ၊ ဖားပြ  စတဲ့ အနီးအနားကျေးရွာက ဒေသခံတွေဟာ နီးစပ်ရာ ဆွေမျိုးတွေဆီ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။ 

အောင်ခန့်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013