Home
မြန်မာသတင်း
ဖားကန့်နှင့် တနင်္သာရီတွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားများ ထိခိုက်သေဆုံး
DVB
·
January 13, 2025

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲက ဆန်ခါကျေးရွာကို ဇန်နဝါရီ ၁၃ ရက် ဒီနေ့မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

စစ်တပ်က ဂျက်ဖိုက်တာ အသုံးပြုပြီး မဇွပ်ယန်ထောင် မနောကွင်းနားနဲ့ ဆန်ခါရွာထိပ်ဘက်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့သလို ကျောက်စိမ်းလုပ်ကွက်ဘက်မှာလည်း ဗုံးကြဲခဲ့တာကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးခဲ့တာလို့ ဒေသခံတယောက်က ပြောပါတယ်။

လက်ရှိမှာတော့ ဒေသခံတွေက ထွက်ပြေးနေရတဲ့အတွက် ထိခိုက်သေဆုံးမှု အသေးစိတ် အချက်လက်တွေကို DVB အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်ကလည်း ကချင်ပြည်နယ်၊ ဟူးကောင်းချိုင့်ဝှမ်းဒေသ တနိုင်းမြို့နယ်မှာရှိတဲ့ သံလွင် ရွှေမှော်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၁၀ ယောက်ကျော် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပါသေးတယ်။

တနင်္သာရီမြို့နယ်၊​ တကူကျေးရွာမှာ စစ်ကောင်စီဘက်က လေကြောင်းနဲ့ ၂ ကြိမ် တိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားနဲ့ နေအိမ်တွေ ထိခိုက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရေ ၁၃ ရက် မနက် ၈ နာရီမှာ တကြိမ်၊ ၉ နာရီခွဲမှာတကြိမ် စစ်ကောင်စီဘက်က တကူကျေးရွာကို လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တကူရွာခံတယောက်က “ရဲစခန်းကုန်းမှာက ၂ လုံး၊ ဆေးရုံမှာက ၂ လုံး လာကြဲသွားတာပါ။ ဒီကြားထဲမှာ ရဟတ်ယာဥ်နဲ့ ကင်းလာထောက်သေးတယ်။ ပြီးမှ တိုက်လေယာဥ်တွေနဲ့ လာကြဲသွားတာ” လို့ ပြောပါတယ်။

စစ်ကောင်စီဘက်က တကူကျေးရွာကို ပထမအကြိမ် တိုက်ခိုက်တဲ့ လေယာဥ်အမျိုးအစားကို အတည်မပြုနိုင်သေးပေမဲ့ ဒုတိယအကြိမ်မှာတော့ K8W တိုက်လေယာဥ်အမျိုးအစားကို အသုံးပြုခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကြောင့် အမျိုးသားတယောက်နဲ့ အမျိုးသမီး ၄ ယောက် ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၄ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထိခိုက်ဒဏ်ရာရတဲ့ အရပ်သားတွေဟာ တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးထားတဲ့ ဆေးရုံတွေမှာ ဆေးဝါးကုသမှု ခံနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024