အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့ကို စစ်ကောင်စီလေတပ်က အခုရက်ပိုင်းအတွင်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ULA/AA ရဲ့ ဗဟို အကောက်ခွန်ဌာနမှူး ဦးဝိုင်းမောင် အပါအဝင် ဒေသခံ ၁၀ ယောက်ထက်မနည်းသေဆုံးပြီး ၃၀ ဝန်းကျင်လောက် ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ မိသားစုဝင်တွေဆီက သိရပါတယ်။
ဇန်နဝါရီ ၁၁ ရက် မနက် ၉ နာရီလောက်မှာ AA ထိန်းချုပ်ရာ ကျောက်တော်မြိုပေါ်ရှိ ရပ်ကွက်နဲ့ ဈေး အပါအဝင် လူနေထူထပ်တဲ့ နေရာတွေကို အဓိကဦးတည်ပြီး ရည်ရွယ်ချက်ရှိရှိနဲ့ ဂျက်တိုက်လေယာဉ်တွေနဲ့ ၃ ကြိမ်တိုင်တိုင် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
၃ ကြိမ်အတွင်း ဗုံးအရေအတွက် ၁၅ လုံးလောက် ကြဲချ၊ ပစ်ခတ်၊ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလို ဗုံးကြဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ဈေးရောင်း၊ ဈေးဝယ်၊ လမ်းသွားလမ်းလာ အရပ်သား ပြည်သူတချို့ ထိခိုက်၊ သေဆုံးမှုတွေ ရှိခဲ့ပြီး ဈေးဆိုင်တန်း၊ နေအိမ်အဆောက်အအုံ ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့ရပါတယ်။
ဒေသခံ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်ဟောင်း ဦးခိုင်ဆန်းအောင်က “တော်တော်လေးကို ထိတ်လန့်စရာကောင်းပါတယ်။ မနက် ၉ နာရီအတိမှာ ပထမဆုံးတလုံး ပေါက်တယ်။ ရဲစခန်းဘက်မှာ၊ နောက်တလုံးက ဈေးနားမှာ၊ ကမ်းနားမှာပေါ့၊ နောက်တလုံးက လမ်းမကြီး သသနာ့ ဗိမာန်ရှေ့မှာပေါ့ ဦးဝိုင်းမောင်နဲ့ သူ့သား ကိုဘိုဘိုကတော့ ဆုံးသွားပြီ ဖြစ်ပါတယ်။ ကိုဝိုင်းမောင်ကတော့ ၁၂ ရက်နေ့မှာ ဆုံးသွားခဲ့ရပြီးတော့ သူ့ရဲ့သား ဘိုဘိုကတော့ ဒီနေ့ ၁၃ ရက်နေ့မှာပဲ ဆုံးသွားပါပြီ။ အဲဒီနေ့မနက် အစောပိုင်းမှာတောင် သူ့အိမ်မှာ တွေ့ဖြစ်ခဲ့သေးတယ် စကားစမြည် ပြောရင်းနဲ့ပေါ့ သိပ်မကြာလိုက်ပါဘူး။ ၁၅ မိနစ်လောက်ပဲ ကြာမယ်ထင်ပါတယ်။ ဒီဖြစ်စဉ်ဖြစ်တာဆိုတော့ ကျနော့်အနေနဲ့လည်း အများကြီးခံစားရပါတယ်”လို့ ပြောပါတယ်။
ဇန်နဝါရီ ၁၂ ရက် မနက် ၁၁ နာရီလောက်ကလည်း ပေါက်တောမြို့နယ် တောင်ဦးမော်ကျေးရွာကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တလုံးနဲ့ ဆိုင်ခန်းတခန်း လုံးဝပျက်စီးခဲ့ ရပါတယ်။
ဒေသခံ မနှင်းနုက “အကြောက်တရားတွေနဲ့ နေနေရတယ်၊ ဘယ်အချိန် ဘယ်နေ့ ဘယ်လိုပုံစံမျိုး ဖြစ်လာမလဲလည်း မသိရဘူး။ သတ်မှတ်ထားတဲ့နေရာလည်း ရှိနေတာလည်း မဟုတ်ဘူး။ လုံလုံခြုံခြုံနဲ့ နေလို့ရတဲ့ နေရာလည်း မရှိသလောက်ဘဲပေါ့နော်။ ဝေဟင်က အမြဲခြောက်လှန့်နေတဲ့သဘောပါဘဲ။ နေ့တိုင်း အချိန်တိုင်းပေါ့နော် ညဆိုလည်း ညမို့လို့ကြောက်နေရ နေ့ဆိုလည်း လေယာဉ်က အမြဲတမ်း ဝဲနေတော့လေ စိုးရိမ်မှုက နေ့တိုင်းလိုလိုပေါ့နော် အချိန်တိုင်းရှိနေတာပါပဲ”လို့ ပြောပါတယ်။
တဖက်မှာလည်း စစ်ခေါင်းဆောင်က လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး နိုင်ငံရေးနည်းလမ်းနဲ့ ဆွေးနွေးဖြေရှင်းမယ်ဆိုပြီး ပြောနေပေမဲ့ မြေပြင်မှာတော့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေဆဲဖြစ်ပါတယ်။
အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေကြောင့် စစ်ခေါင်းဆောင်တွေဘက်မှာ နိုင်ငံရေး ပြဿနာကို ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ မူဝါဒမရှိသေးဘူးလို့ အာရက္ခတပ်တော် (AA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောဆိုပါတယ်။
ဇန်နဝါရီ ၈ ရက် နေ့လယ် ၁ နာရီလောက်ကလည်း ရမ်းဗြဲမြို့ ၊ ကျောက်နီမော်ကျေးရွာကို စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား သေဆုံးသူ ၂၆ ယောက်နဲ့ ထိခိုက်ဒဏ်ရာ ရရှိသူ ၂၇ ယောက်အထိ ရှိခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
ကေခိုင်