လက်ရှိစစ်ပွဲကာလ ၃ နှစ်နီးပါး ကြာမြင့်လာချိန်မှာ ယူကရိန်းဘက်က အကြီးမားဆုံး လေကြောင်းတိုက်ခိုက်မှုကို ရုရှားပိုင်နက်ထဲအထိ ဖော်ဆောင်နိုင်ခဲ့တယ်လို့ အတည်ပြုပါတယ်။
၂ နိုင်ငံကြား နယ်စပ်ကနေ မိုင်ပေါင်း ၇၀၀ ကွာဝေးတဲ့ ရုရှားအတွင်းပိုင်းအထိကို တိုက်ခိုက်နိုင်ခဲ့တာဖြစ်ကြောင်း ယူကရိန်းစစ်ဦးစီးချုပ်ရုံးက အခိုင်အမာ ပြောဆိုပါတယ်။
ရုရှားဒေသအနှံ့ရှိ မြို့တွေနဲ့ စက်မှုဇုန်တွေအပေါ် ပစ်မှတ်ထားခဲ့တဲ့ ဒီတိုက်ခိုက်မှုအတွင်း ဒရုန်းနဲ့ ဒုံးကျည်အများအပြားကို ပစ်ချနိုင်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အဲဒီနောက် ရုရှားစစ်တပ်ကလည်း ယူကရိန်းရဲ့ ညတွင်းချင်း တိုက်ခိုက်လာမှုကို လက်တုံ့ပြန်မယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ယူကရိန်းဟာ အမေရိကန်နဲ့ ဗြိတိန်က ထောက်ပံ့ပေးထားတဲ့ ဒုံးကျည်တွေကို နောက်တကြိမ် အသုံးပြုခဲ့တယ်ဆိုပြီး စွပ်စွဲထားပါတယ်။
ရုရှားမြို့တွေဖြစ်တဲ့ ဆာရာတော့ဗ်နဲ့ အန်းဂျယ်စ် တို့ကို အဓိက ထိမှန်ခဲ့ပြီး အဲဒီဒေသက စက်ရုံတွေမှာ ပျက်စီးမှုအချို့ ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ရုရှားအလယ်ပိုင်းနဲ့ အနောက်ပိုင်းက လေဆိပ် ၉ ခုထက်မနည်းကို ယာယီရပ်နားခဲ့ရသလို ဆာရာတော့ဗ် ဒေသက ကျောင်းတွေကိုလည်း ပိတ်ထားခဲ့ရပါတယ်။
ဘရိုင်ယန့်စ်ခ်၊ တူလာနဲ့ တာတာစတန် စတဲ့ ရုရှားဒေသတွေမှာပါ ဒုံးကျည်ထိမှန်ခဲ့ပေမဲ့လည်း လူသေဆုံးမှုတော့ မရှိကြောင်း သိရပါတယ်။
အဲဒီပစ်မှတ်တွေထဲမှာ ရုရှားစစ်တပ်အတွက် ဒုံးကျည်လောင်စာနဲ့ လက်နက်ခဲယမ်းတွေ ထုတ်လုပ်ပေးနေတဲ့ ဓာတုစက်ရုံတခုလည်း ပါဝင်တယ်ဆိုပြီး ယူကရိန်းက ထုတ်ပြန်ခဲ့ပါတယ်။
တချိန်တည်းမှာ ယူကရိန်း အာဏာပိုင်တွေက အမေရိကန်အစိုးရရဲ့ ဖိအားပေးမှုကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
ဒါဟာ ယူကရိန်းရဲ့ တပ်ဖွဲ့ဝင်အင်အား လိုအပ်ချက်အပေါ် ဖြေရှင်းနိုင်ဖို့အတွက် စစ်မှုထမ်းအသက်ကို ၂၅ နှစ်ကနေ ၁၈ နှစ်အထိ လျှော့ချခိုင်းတာကြောင့် ဖြစ်ပါတယ်။
ယူကရိန်းသမ္မတ ဇလန်းစကီး ကတော့ လက်ရှိ တိုက်ပွဲဝင်နေတဲ့ တပ်သားတွေမှာတောင် လက်နက်လုံလောက်မှု မရှိသေးတဲ့အတွက် အသက်သတ်မှတ်ချက် လျှော့ချမှုကို အဓိပ္ပာယ်မရှိဘူးဆိုပြီး တုံ့ပြန်ခဲ့ပါတယ်။
တဖက်မှာလည်း ဒေါ်နယ်ထရမ့်ပ်က အိမ်ဖြူတော်ကို သူပြန်ရောက်ချိန်မှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ တွေ့ဆုံဖို့အတွက် ပြင်ဆင်နေတယ်လို့ အသိပေးထားပါတယ်။
ရုရှား-ယူကရိန်း ပဋိပက္ခ အဆုံးသတ်ရေးဟာ ထရမ့်ပ်ရဲ့ ဦးစားပေးကိစ္စရပ်တခု ဖြစ်သလို အမေရိကန်ရဲ့ မူဝါဒအပြောင်းအလဲကလည်း စစ်ပွဲအနာဂတ်ကို သိသာတဲ့သက်ရောက်မှုတွေ ရှိလာစေနိုင်ပါတယ်။
Source : Reuters