Home
နိုင်ငံတကာ
ရုရှားစွမ်းအင်ကဏ္ဍကို အမေရိကန်အရေးယူမှုကြောင့် စျေးကွက်မတည်မငြိမ်ဖြစ်စေမည်
DVB
·
January 15, 2025
ရုရှားသမ္မတနန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒမစ်ထရီ ပဲ့စ်ကို့ဗ်။ (Photo : Reuters)

ရုရှားစွမ်းအင်ကဏ္ဍအပေါ် အမေရိကန်ရဲ့ နောက်ဆုံးပိတ်ဆို့အရေးယူမှုတွေကြောင့် ကမ္ဘာ့စျေးကွက်တွေ မတည်မငြိမ်ဖြစ်စေမယ့် အန္တရာယ်ရှိနေတယ်လို့ ဇန်နဝါရီ ၁၃ ရက်မှာ ရုရှားသမ္မတနန်းတော် ကရင်မလင်က ပြောပါတယ်။

အကျိုးသက်ရောက်မှုကို လျှော့ချဖို့ တတ်နိုင်သမျှ လုပ်ဆောင်သွားမယ်လို့ ရုရှားအစိုးရက ပြောပါတယ်။

ကရင်မလင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒမစ်ထရီ ပဲ့စ်ကို့ဗ်က  “အပြိုင်အဆိုင်မရှိတဲ့ နည်းလမ်းတွေနဲ့ ကျနော်တို့ရဲ့ ကုမ္ပဏီတွေရဲ့ နေရာတွေကို ရယူဖို့ အမေရိကန်ပြည်ထောင်စုက ဆက်ကြိုးစားနေမယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိသာထင်ရှား နေပေမဲ့ ကျနော်တို့က ဒါကို တန်ပြန်တုံ့ပြန်နိုင်မယ်လို့ မျှော်လင့်တယ်” လို့ ပြောပါတယ်။

ဒီလို ဆုံးဖြတ်ချက်တွေဟာ နိုင်ငံတကာ စွမ်းအင်ဈေးကွက်တွေ၊ ရေနံဈေးကွက်တွေ မတည်မငြိမ် ဖြစ်စေဖို့ ဦးတည်သွားနိုင်တယ်၊ တရားမဝင်တဲ့ ဆုံးဖြတ်ချက်တွေရဲ့ အကျိုးဆက်တွေကို ဂရုတစိုက် စောင့်ကြည့်ပြီး အဲဒီအကျိုးဆက်တွေကို လျှော့ချဖို့ ကုမ္ပဏီတွေရဲ့ အလုပ်တွေကို ပြင်ဆင်သတ်မှတ်သွားမယ်လို့ ပဲ့စ်ကို့ဗ်က ပြောပါတယ်။

အမေရိကန်ဘဏ္ဍာရေးဌာနဟာ ရုရှားရေနံထုတ်လုပ်သူတွေဖြစ်တဲ့ ဂက်စ်ပရွန်နဲ့ Surgutneftegaz တို့ အပါအဝင် ရုရှားက ရေနံတင်ပို့တဲ့ သင်္ဘော ၁၈၃ စင်းကို ပစ်မှတ်ထားပြီး ရုရှားရေနံအပေါ် ပိတ်ဆို့အရေးယူမှုတွေကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ချမှတ်ခဲ့ပါတယ်။

ယူကရိန်းစစ်ပွဲအတွက် ငွေကြေးထောက်ပံ့နေတဲ့ ရုရှားရဲ့၀င်ငွေကို ဖြတ်တောက်ဖို့ ပိတ်ဆို့ အရေးယူမှုတွေက ရည်ရွယ်ထားပါတယ်။

လုံလုံလောက်လောက် ကျင့်သုံးရင် အခု ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ ရုရှားနိုင်ငံအတွက် တလကို ဒေါ်လာဘီလီယံပေါင်းများစွာ ဆုံးရှုံးနိုင်တယ်လို့ အမေရိကန် အရာရှိတယောက်က ပြောပါတယ်။

ပိတ်ဆို့အရေးယူမှုတွေကြောင့် ရုရှားကနေ ရေနံအကြီးအကျယ်ဝယ်ခဲ့တဲ့ တရုတ်နဲ့ အိန္ဒိယ ရေနံချက်သူတွေဟာ ရေနံစိမ်းအစားထိုး အထောက်အပံ့တွေကို ရှာဖို့ လှုံ့ဆော်ပေးခဲ့ပါတယ်။

နောက်ဆုံးဒဏ်ခတ်ပိတ်ဆို့မှုအရ အထိနာခဲ့တဲ့ ရေနံတင်သင်္ဘော အများအပြားဟာ တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့ဆီ ရေနံတင်ပို့ဖို့ သုံးနေခဲ့တာ ဖြစ်ပါတယ်။

ခေတ်သစ်အတွေ့အကြုံအရ စွမ်းအင်အတွက် သဘာဝထောက်ပံ့ရေး လမ်းကြောင်းတွေကို ဖြတ်တောက်ဖို့ မဖြစ်နိုင်ဘူးဆိုတာ ပြခဲ့ပြီးပြီလို့လဲ ပဲ့စ်ကို့ဗ်က ပြောပါတယ်။

“ခင်ဗျားက တနေရာတည်းမှာ တခုခုကို ပိတ်ဆို့ထားပြီဆိုရင် တခြားတနေရာမှာ ရွေးချယ်စရာတခု ပေါ်လာပါတယ်။ ဒါကြောင့် ပိတ်ဆို့အရေးယူမှုရဲ့ အကျိုးဆက်တွေကို လျော့နည်းစေမယ့် အလုပ်တွေ ရွေးချယ်စရာတွေအတွက် ရှာဖွေသွားမှာပါ” လို့ ပဲ့စ်ကို့ဗ်က ပြောခဲ့ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013