Home
နိုင်ငံတကာ
AI ချစ်ပြားတင်ပို့မှု အမေရိကန် ကန့်သတ်မည့်အပေါ် တရုတ် ကန့်ကွက်
DVB
·
January 14, 2025
Photo: REUTERS/Florence Lo/Illustration

AI နည်းပညာနဲ့ ဆက်စပ်တင်ပို့မှုကို အမေရိကန်က ကန့်သတ်မှာဖြစ်ကြောင်း ကြေညာမှုကို တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနက အပြင်းအထန် ကန့်ကွက်တယ်လို့ ဇန်နဝါရီ ၁၃ ရက်မှာ ပြောလိုက်ပါတယ်။

အမေရိကန်က AI ချစ်ပြားတွေ အပါအဝင် နောက်ထပ် ခေတ်မီပစ္စည်းတင်ပို့မှုတွေကို ကန့်သတ်မယ်လို့ တနင်္လာနေ့မှာ ကြေညာခဲ့တာပါ။

အမေရိကန်မှာရှိတဲ့ အဆင့်မြင့်နည်းပညာကုမ္ပဏီတွေနဲ့ လုပ်ငန်းအဖွဲ့အစည်းတွေက ဒီဆုံးဖြတ်ချက်ကို ကျေနပ်ခြင်းမရှိသလို စိုးရိမ်မှုတွေရှိတဲ့အကြောင်းလည်း တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနက ဖော်ပြခဲ့ပါတယ်။

စည်းမျဉ်းအသစ်အရ AI ချစ်ပြားတွေကို အမေရိကန်ရဲ့ မဟာမိတ်တွေ အပါအဝင် နိုင်ငံတွေကို အကန့်အသတ်မရှိ တင်ပို့မှုကို ပိတ်ပင်မှာဖြစ်ပါတယ်။

AI ချစ်ပြားတင်ပို့မှု ပိတ်ပင်တဲ့ နိုင်ငံတွေထဲမှာ တရုတ်၊ ရုရှား၊ အီရန်နဲ့ မြောက်ကိုရီးယားတို့ ပါဝင်ပါတယ်။

“အမေရိကန်က AI နည်းပညာ ဖွံ့ဖြိုးမှုနဲ့ ချစ်ပြားဒီဇိုင်းထုတ်မှုကလည်း ဦးဆောင်နေပါတယ်။ ဒါတွေကို ကျနော်တို့ ထိန်းသိမ်းထားဖို့က အရေးကြီးပါတယ်” လို့ အမေရိကန် ကုန်သွယ်မှုဝန်ကြီး ရေမွန်ဒိုက ပြောပါတယ်။

ဒီကန့်သတ်မှုဟာ လုံလောက်တဲ့ ဆွေးနွေးမှုမရှိဘဲ အလျင်စလို လုပ်ဆောင်တဲ့ ဆောင်ရွက်ချက်တခု ဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒီလို သတ်မှတ်ချက်တွေမရှိဘဲ ပြုလုပ်ခြင်းက ဆိုးဝါးတဲ့ အကျိုးဆက် ဖြစ်နိုင်တယ်လို့ ယုံကြည်ပြီး ဒီကိစ္စ အကောင်အထည်ဖော်တာကို ရပ်တန့်ဖို့ ဘိုင်ဒင်အစိုးရအဖွဲ့ကို တိုက်တွန်းမှု ပြုလုပ်ထားတယ်လို့ တရုတ်ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ဒါပေမဲ့ ဘိုင်ဒင်အစိုးရအဖွဲ့က လုပ်ငန်းရှင်တွေရဲ့ တင်ပြမှုကို သဘောမတူဘဲ အလျင်စလို အကောင်အထည်ဖော်ဖို့ စီစဉ်ခဲ့တာလို့ တရုတ်ဘက်က ဆိုပါတယ်။

အမျိုးသားလုံခြုံရေးနဲ့ ပြည်ပတင်ပို့မှု ထိန်းချုပ်တာတွေကို တလွဲအသုံးပြုနေတာက နိုင်ငံတကာ အပြန်အလှန် ကုန်သွယ်မှု စည်းမျဉ်းတွေကို ဗြောင်ကျကျ ချိုးဖောက်တာလည်း ဖြစ်တယ်လို့ တရုတ် ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

ဒီလိုလုပ်ခြင်းက နိုင်ငံတွေအကြား ပုံမှန်ကုန်သွယ်မှုတွေ အနှောင့်အယှက်ဖြစ်စေပြီး အခြေခံစည်းမျဉ်းတွေ၊ နိုင်ငံတကာ စီးပွားရေး မှာယူမှုတွေနဲ့ ကမ္ဘာလုံးဆိုင်ရာနည်းပညာ ပြောင်းလဲမှုကို ထိခိုက်မှုရှိမှာ ဖြစ်ပါတယ်။

အမေရိကန် အပါအဝင် တကမ္ဘာလုံး စီးပွားရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုကို ဖျက်ဆီးရာရောက်သလို တရုတ်နိုင်ငံကလည်း တရားဝင်အခွင့်အရေးနဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့ ပြုလုပ်သွားမှာပါလို့ တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူက ပြောကြားခဲ့ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013