Home
နိုင်ငံတကာ
ရုရှား-ယူကရိန်း စစ်ပွဲတွင် မြောက်ကိုရီးယားစစ်သား ၃၀၀ သေဆုံး၊ ၂,၇၀၀ ဒဏ်ရာရ
DVB
·
January 14, 2025
တောင်ကိုရီးယား လွှတ်တော်အမတ် လီဆောင်ကွမ်။ (Photo : YONHAP NEWS TELEVISION / REUTERS)

ယူကရိန်းစစ်ပွဲမှာ ရုရှားအတွက် တိုက်ခိုက်ပေးနေတဲ့ မြောက်ကိုရီးယား စစ်သား ၃၀၀ လောက် သေဆုံးသွားပြီဖြစ်ကြောင်း တောင်ကိုရီးယား လွှတ်တော်အမတ်တယောက်က အတည်ပြုပါတယ်။

တောင်ကိုရီးယားရဲ့ အမျိုးသားထောက်လှမ်းရေးဌာန (NIS) မှာ အမတ်ဖြစ်သူ လီဆောင်ကွမ်က ဒဏ်ရာရသူ ၂,၇၀၀ နီးပါးရှိတယ်လို့လည်း သတင်းထောက်တွေကို ဖြေဆိုခဲ့ပါတယ်။

“ရုရှားက မြောက်ကိုရီးယား စစ်သားတွေကို ကာ့စ်ခ်ဒေသအထိ တိုးချဲ့နေရာချထားပြီး အဲဒီထဲမှာ သေဆုံးဒဏ်ရာရသူ စုစုပေါင်း ၃,၀၀၀ ကျော်ရှိပြီဖြစ်ကြောင်း ခန့်မှန်းထားတယ်” လို့ လီ က မှတ်ချက်ပေးပါတယ်။

NIS ထောက်လှမ်းရေးဌာနရဲ့ သုံးသပ်ချက်အရ မြောက်ကိုရီးယားစစ်သားတွေဟာ “ခေတ်သစ်စစ်ပွဲရဲ့  သဘောသဘာ၀အပေါ်  နားလည်ပုံမရဘူး” ဆိုပြီး ဖော်ပြထားပါတယ်။

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီး ကတော့ ဒဏ်ရာရထားတဲ့ မြောက်ကိုရီးယားစစ်သား ၂ ယောက်ကို ပထမဆုံးအကြိမ် အရှင်ဖမ်းနိုင်ခဲ့ပြီး အကျဉ်းသားချင်းလဲလှယ်ဖို့ အသင့်ရှိကြောင်း ပြောကြားခဲ့ပါတယ်။

အခုလိုမျိုး ဖမ်းဆီးရမိထားတဲ့ မြောက်ကိုရီးယား စစ်သား ၂ ယောက်ဟာ တောင်ကိုရီးယားကို ဘက်ပြောင်းဖို့နဲ့ ခိုလှုံခွင့်ပေးဖို့ တောင်းဆိုတာမျိုး မရှိသေးဘူးဆိုပြီး NIS က ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီသတင်းနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုမှုကို ကရင်မလင် နန်းတော်ဘက်က ငြင်းဆန်ခဲ့ပါတယ်။

ဒီလိုမျိုး အဖမ်းခံရတဲ့အခါ အကျဉ်းသားအဖြစ် ခေါ်ဆောင်မရအောင် မိမိဘာသာ သတ်သေဖို့အတွက်လည်း အမိန့်ပေးထားတယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်း ကလည်း တပ်ဖွဲ့ဝင်ဦးရေ ၁၀,၀၀၀ ကျော်ကို မော်စကိုအတွက် “အသေခံတပ်သား” တွေအဖြစ် စေလွှတ်ပေးထားကြောင်း သိရပါတယ်။

အပြန်အလှန်အားဖြင့် ရုရှားက နျူးကလီးယားလက်နက်နဲ့ ဂြိုဟ်တုဆိုင်ရာ နည်းပညာ အကူအညီတွေကို ပြုံယမ်းအတွက်  ပြန်ပေးရမှာဖြစ်ပါတယ်။

၁၉၉၀ ပြည့်နှစ် နှောင်းပိုင်းကစပြီ စီးပွားရေးကျပ်တည်းမှုနဲ့ နိုင်ငံရေးဖိနှိပ်မှုတွေကြောင့် မြောက်ကိုရီးယားနိုင်ငံသား ၃၄,၀၀၀ လောက်ဟာ တောင်ကိုရီးယားဘက်ကို ထွက်ပြေးခိုလှုံခဲ့ကြပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013