ယူကရိန်းနိုင်ငံ အရှေ့တောင်ပိုင်း ဇာပိုရစ်ချ်ဇီယာမြို့မှာ ဇန်နဝါရီ ၈ ရက်က ရုရှား ပဲ့ထိန်းဗုံး တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၁၃ ယောက် သေဆုံးပြီး ၂၉ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်တွေက ပြောကြားခဲ့ပြီး သေဆုံးသူအရေအတွက် တိုးလာနိုင်တယ်လို့လည်း ဆိုပါတယ်။
ရုရှားတပ်ဖွဲ့ဝင်တွေဟာ နေ့လယ်ပိုင်းမှာ ပဲ့ထိန်းဗုံး ၂ လုံးကို အသုံးပြု တိုက်ခိုက်ခဲ့ပြီး လူနေရပ်ကွက်တခုကို ထိမှန်ခဲ့ကြောင်း အုပ်ချုပ်ရေးမှူး အီဗန်း ဖက်ဒရော့ဗ်က သတင်းထောက်တွေကို ပြောကြားပါတယ်။ ဒဏ်ရာပြင်းထန်သူတွေကို ဆေးရုံတင်ထားကြောင်းလည်း သူကဆိုပါတယ်။
ပထမအကြိမ် တိုက်ခိုက်မှုအပြီးမှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ကြောင်း ဒေသအာဏာပိုင်တွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။ အပျက်အစီးတွေဟာ ဓာတ်ရထားတစီးနဲ့ ခရီးသည်တွေပါရှိတဲ့ ဘတ်စ်ကားတစီးကိုလည်း ဝင်တိုက်ခဲ့ပါတယ်။
ပျက်စီးသွားတဲ့ မော်တော်ယာဉ်ဘေးက လမ်းမပေါ်မှာ ဒဏ်ရာရသူတွေ လဲလျောင်းနေကြပြီး အလောင်းအများအပြားဟာ လမ်းဘေးမှာ ရှိနေဆဲ ဖြစ်ပါတယ်။
အရေးပေါ်ဝန်ထမ်းတွေဟာ မီးတောက်တွေ၊ မီးခိုးတွေနဲ့ မီးလောင်နေတဲ့ ယာဉ်တွေကြားမှာ လူတယောက်ကို အသက်ပြန်ရှင်လာအောင် ကယ်ဆယ်နေတာကိုလည်း တွေ့မြင်ရပါတယ်။
“သာမန်အရပ်သားတွေ ဒုက္ခရောက်မယ်ဆိုတာ သိလျက်နဲ့ မြို့ကို လေကြောင်းဗုံးတွေ ပစ်တာထက် ပိုရက်စက်တာ မရှိပါဘူး” လို့ သမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက လူမှုကွန်ရက် X မှာ ပြောကြားခဲ့ပြီး ယူကရိန်းရဲ့ အနောက်မဟာမိတ်တွေကိုလည်း ရုရှားကို ဖိအားပေးဖို့ တိုက်တွန်းလိုက်ပါတယ်။
တိုက်ခိုက်မှုကြောင့် အထပ်မြင့်တိုက်ခန်းတွေ၊ စက်မှုဇုန်တခုနဲ့ တခြား အခြေခံအဆောက်အအုံတွေလည်း ပျက်စီးခဲ့ကြောင်း ယူကရိန်းအစိုးရရှေ့နေချုပ်ရုံးက တယ်လီဂရမ်မှာ ပြောထားပါတယ်။
ရုရှားဟာ သူ့တပ်ဖွဲ့တွေ တစိတ်တပိုင်း သိမ်းပိုက်ထားတဲ့ ဇာပိုရစ်ချ်ဇီယာဒေသနဲ့ သူ့မြို့တော်ကို လေကြောင်းတိုက်ခိုက်မှုတွေ ပုံမှန်ပြုလုပ်လေ့ရှိပါတယ်။
မော်စကိုဟာ ခရိုင်းမီးယား အပါအဝင် တခြား ယူကရိန်းဒေသ ၄ ခုတို့ကို သိမ်းယူခဲ့ကြောင်း အခိုင်အမာ ပြောဆိုထားပါတယ်။
Source : Reuters