ရုရှားနိုင်ငံ ကာ့စ်ခ်ဒေသမှာ ယူကရိန်းတပ်တွေက အနည်းဆုံးလမ်းကြောင်း ၃ ခုနဲ့ တန်ပြန်ထိုးစစ်ကို ဖော်ဆောင်နေတာကြောင့် ဒုတိယမြောက်နေ့အဖြစ် တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
လွန်ခဲ့တဲ့နှစ် သြဂုတ်လမှာ ရုရှားတောင်ပိုင်းဒေသကို ပထမဆုံးအကြိမ် ထိုးဖောက်ဝင်ရောက်ပြီးနောက် ယူကရိန်းတပ်တွေက ရှေ့ဆက်တိုးနိုင်ဖို့အတွက် ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။
ရုရှားဘက်ကလည်း ယူကရိန်းဒေသ ဒွန်ဘတ်စ်အနီးမှာရှိတဲ့ ကူရာခေါက်ဗ်မြို့ငယ်လေးကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြီးခဲ့တဲ့တနင်္လာနေ့မှာ အတည်ပြုပါတယ်။
ယူကရိန်းရဲ့ ထိုးစစ်ဆင်လာမှုအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ လက်နက်ကြီးတွေနဲ့အတူ တားဆီးနိုင်ခဲ့တယ်ဆိုပြီး ရုရှားအနေနဲ့ ဖြည့်စွက်ပြောပါတယ်။
နောက်ဆုံး ၅ လတာ ကာလအတွင်း ရုရှားစစ်သား ၁၅,၀၀၀ သေဆုံးကာ ၂၃,၀၀၀ အထိ ဒဏ်ရာရရှိခဲ့တယ်လို့ ယူကရိန်းစစ်တပ်အနေနဲ့ ထုတ်ပြန်ထားပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနကလည်း သေဆုံးဒဏ်ရာရတဲ့အရေအတွက်ကို အတိအကျ ဖော်ပြခြင်းမရှိဘဲ ကာ့စ်ခ်ဒေသမှာ ယူကရိန်းတပ်သား ၄၉,၀၀၀ ကျော် ဆုံးရှုံးခဲ့တယ်လို့သာ ပြောထားပါတယ်။
သီတင်းပတ် ၂ ပတ် ကြာမြင့်ပြီးနောက် ရုရှားကျေးရွာ ၉၃ ရွာအပါအဝင် နယ်မြေစတုရန်း ကီလိုမီတာ ၁,၂၀၀ ကျော်ကို ထိန်းချုပ်ထားနိုင်တယ်လို့ ယူကရိန်းထိပ်တန်း တပ်မှူးတယောက်က ပြောကြားပါတယ်။
ဒါ့အပြင် ရုရှားက ကူရာခေါက်ဗ်နဲ့ အနီးပတ်ဝန်းကျင်မြို့တွေပါ သိမ်းပိုက်နိုင်ပြီဆိုရင် အဓိကဦးတည်ရာဖြစ်တဲ့ ပိုခရော့ခ်မြို့ကို ဝန်းရံပိတ်ဆို့နိုင်တော့မှာ ဖြစ်ပါတယ်။
ဒါဟာ ပြီးခဲ့တဲ့လပိုင်းအတွင်း ရုရှားရဲ့ အဓိကပစ်မှတ်ဖြစ်တဲ့ ပိုခရော့ခ် မြို့ဆီချီတက်ရာမှာ အချိန်မကြာရှည်စေဖို့နဲ့ တိုက်ပွဲပြင်းထန်မှုအပေါ် ရှောင်လွှဲနိုင် ဖို့အတွက်ပဲ ဖြစ်ပါတယ်။
အခုလိုမျိုး ရုရှားနဲ့ယူကရိန်းကြား အပြန်အလှန်ထိုးစစ်ဆင်ပြီး နယ်မြေသိမ်းပိုက်နေမှုဟာ ထရမ့်ပ် အာဏာရလာချိန်မှာ အပေးအယူလုပ်ဖို့အတွက် ဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူတွေအနေနဲ့ သုံးသပ်ထားပါတယ်။
အမေရိကန် ရွေးကောက်ခံသမ္မတ ထရမ့်ပ်ကတော့ စစ်ပွဲကို အမြန်ဆုံးအဆုံးသတ်မယ်လို့ ကတိပေးထားပေမဲ့လည်း အသေးစိတ် ပြောကြားတာမျိုးတော့ မရှိသေးပါဘူး။
Source-Reuters