Home
နိုင်ငံတကာ
ပင်လယ်နက်ထဲ ရေနံယိုဖိတ်ပြီးနောက် ညစ်ညမ်းသဲတန်ချိန် ထောင်ချီကို ရုရှား ရှင်းလင်း
DVB
·
January 5, 2025
Photo: Reuters

ပြီးခဲ့တဲ့လက ပင်လယ်နက်အတွင်း ရေနံယိုဖိတ်မှုကြောင့် ရုရှား ကယ်ဆယ်ရေးလုပ်သားတွေဟာ ခက်ချ် ရေလက်ကြား တဖက်တချက်က ညစ်ညမ်းတဲ့ သဲနဲ့မြေကြီး မက်ထရစ်တန် ၈၆,၀၀၀ ကျော်ကို ရှင်းလင်းခဲ့တယ်လို့ အရေးပေါ်ဝန်ကြီးဌာနက ဇန်နဝါရီ ၄ ရက်မှာ ပြောပါတယ်။

ဒီဇင်ဘာ ၁၅ ရက်က မုန်တိုင်းတိုက်ခတ်ခဲ့တဲ့အတွက် သက်တမ်းရင့် ရေနံတင်သင်္ဘော ၂ စင်းက ဆီတွေယိုစိမ့်တဲ့အပြင် ၁ စင်း နစ်မြုပ်ခဲ့ပြီး ကျန် ၁ စင်းက သောင်တင်သွားခဲ့တာပါ။

သဘာဝဘေးအန္တရာယ်ကျရောက်ချိန်မှာ သက်တမ်း နှစ် ၅၀ ကျော်နေတဲ့ ရေနံတင်သင်္ဘော ၂ စင်းလုံးဟာ ရေနံထွက်ကုန်စုစုပေါင်း မက်ထရစ်တန် ၉၂၀၀ (စည်ပေါင်း ၆၂၀၀၀) လောက် တင်ဆောင်ထားတယ်လို့ နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။

လူကြိုက်များတဲ့ နွေရာသီအပန်းဖြေစခန်းဖြစ်တဲ့ အန်နာပါကမ်းခြေနားက သဲသောင်ပြင်တွေနဲ့ အနီးတဝိုက်က သဲသောင်ပြင်တွေကနေ အနံ့ထွက်နေတဲ့လောင်စာဆီတွေကိုဖယ်ရှားဖို့ လူပေါင်း ၁၀,၀၀၀ ကျော်က လုပ်ဆောင်နေရဆဲပါ။ 

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေက လင်းပိုင်တွေ၊ လိပ်တွေနဲ့ ပင်လယ်ငှက်တွေ သေဆုံးတဲ့အကြောင်း အစီရင်ခံထားပါတယ်။

ရေနံထွက်ကုန် မက်ထရစ်တန်ချိန် ၂,၄၀၀ လောက် ပင်လယ်ထဲယိုဖိတ်ခဲ့တယ်လို့ ကျွမ်းကျင်သူတွေကို ကိုးကားပြီး ရုရှားသယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက အခုသီတင်းပတ်ထဲမှာ ပြောခဲ့ပြီး မူလက စိုးရိမ်ထားတဲ့ပမာဏထက် နည်းတယ်လို့ ပြောပါတယ်။ 

ယိုဖိတ်ချိန်မှာ လေးလံတဲ့ M100 အတန်းအစား လောင်စာဆီဟာ အပူချိန် ၂၅ ဒီဂရီစင်တီဂရိတ်မှာ ခဲသွားတာပါ။

တခြားဆီထွက်ကုန်တွေနဲ့မတူဘဲ ရေမျက်နှာပြင်ပေါ် မပေါ်ဘဲ ရေအောက်ကို နစ်သွားတာ၊ ရေထဲမှာ တန်းလန်းမျောပါနေတာတွေရှိနေတယ်လို့လည်း မီဒီယာတွေက အစီရင်ခံထားပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013