ရုရှားနဲ့ ယူကရိန်းတို့ဟာ ဒီဇင်ဘာ ၃၀ ရက်က အကျဉ်းသားလဲလှယ်မှု ပြုလုပ်ခဲ့ပြီး တဖက်နဲ့ တဖက် စစ်သုံ့ပန်း ၁၅၀ ကို လွှတ်ပေးခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
ရုရှားသုံ့ပန်းတွေကို ဘယ်လာရုစ်နယ်မြေမှာ လွှတ်ပေးခဲ့ပြီး ရုရှားနိုင်ငံကို လွှဲပြောင်းပေးမယ်လို့ ကတိပြုခဲ့ပါတယ်။
အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) က ဒီလဲလှယ်မှုမှာ ကြားဝင် စေ့စပ်ဖျန်ဖြေသူအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ရုရှားရဲ့ လူ့အခွင့်အရေးကော်မရှင်နာ တတ်ယာနာ မော့စ်ကာလ်ကိုဗာက သူ့ရဲ့ တယ်လီဂရမ်ချန်နယ်မှာ ဗီဒီယိုဖိုင်တခုကို လွှင့်တင်ခဲ့ပြီး နှစ်ဖက်စလုံးက စစ်သုံ့ပန်း ၁၅၀ စီကို လွှတ်ပေးခဲ့တယ်လို့လည်း ပြောပါတယ်။
အရေအတွက် ကွဲလွဲမှုနဲ့ ပတ်သက်ပြီး ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ချက်ချင်း ရှင်းလင်းချက်မရှိပါဘူး။
ဒီအကျဉ်းသားလဲလှယ်မှုကို ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက တယ်လီဖုန်းနဲ့ အတည်ပြုခဲ့ပါတယ်။
ပြန်လွတ်မြောက်လာကြတဲ့ ယူကရိန်းစစ်သုံ့ပန်းတွေဟာ ဒီဇင်ဘာ ၃၀ ရက်မှာ သူတို့ရဲ့ မိသားစုတွေနဲ့ ပြန်လည်ဆုံတွေ့ခဲ့ကြပါတယ်။
စစ်သုံ့ပန်းဟောင်း ၁၈၉ ယောက်ကို ကိယက်ဗ်က ပြည်တော်ပြန် ခေါ်ဆောင်ခဲ့ပြီလို့ သမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ဆိုရှယ်မီဒီယာမှာ ပြောပါတယ်။
ဒီလဲလှယ်မှုကို အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးတဲ့အတွက် ဇလန်းစကီးက အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နဲ့ တခြားမိတ်ဖက်တွေကိုလည်း ကျေးဇူးတင်ရှိခဲ့ပါတယ်။
ပြန်လည်ရောက်ရှိလာကြတဲ့ ယူကရိန်းနိုင်ငံသားတွေထဲမှာ ရှေ့တန်းနယ်မြေအသီးသီးက အရာရှိအရာခံ၊ အကြပ်တပ်သားတွေအပြင် ၂၀၂၂ ခုနှစ်က မာရီယိုပူလ် တောင်ပိုင်းဆိပ်ကမ်းမှာ ရုရှားတပ်တွေရဲ့ ဖမ်းဆီးခေါ်ဆောင်သွားခံရတဲ့ အရပ်သား ၂ ယောက်လည်း ပါဝင်ကြောင်း ဇလန်းစကီးက ပြောကြားခဲ့ပါတယ်။
Source : Reuters