မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ ရုရှားနိုင်ငံနဲ့ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ခိုင်မာစေမယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်ဆီ ဒီဇင်ဘာ ၃၀ ရက်က ပေးပို့တဲ့ သူ့ရဲ့စာသဝဏ်လွှာထဲမှာ ကတိပြုခဲ့ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာ KCNA က ဒီဇင်ဘာ ၃၁ ရက်မှာ ဖော်ပြပါတယ်။
သဝဏ်လွှာထဲမှာ ကင်မ်ဂျုံအန်းက ပူတင်နဲ့ သူ့တပ်ဖွဲ့တွေ အပါအဝင် ရုရှားနိုင်ငံသားအားလုံးကို နှစ်သစ်နှုတ်ခွန်းဆက်စကား ပေးပို့ခဲ့ပြီး အခုနှစ်မှာ ခေါင်းဆောင် ၂ ယောက်တို့ဟာ ပရောဂျက်အသစ်တွေကနေ တဆင့် ၂ နိုင်ငံဆက်ဆံရေးကို အမြင့်ဆုံးအဆင့်ထိ မြှင့်တင်ခဲ့ကြောင်းနဲ့ နောက်ထပ်လည်း ပိုမိုမြှင့်တင်ဖို့ ဆန္ဒရှိကြောင်း ဖော်ပြခဲ့တယ်လို့ KCNA က ပြောကြားခဲ့ပါတယ်။
ရုရှားစစ်တပ်နဲ့ ပြည်သူတွေဟာ နာဇီလက်သစ်ဝါဒကို အနိုင်ယူပြီး ကြီးကျယ်တဲ့ အောင်ပွဲတခုကို ရယူနိုင်တဲ့ ၂၀၂၅ ခုနှစ် နှစ်သစ်ဟာ ၂၁ ရာစုရဲ့ အောင်ပွဲ ပထမနှစ်အဖြစ် မှတ်တမ်းတင်စေဖို့ ဆန္ဒပြုပါကြောင်းလည်း ကင်မ်ဂျုံအန်းက ဆုတောင်းပေးလိုက်တယ်လို့ KCNA က ဖတ်ကြားခဲ့ပါတယ်။
ကင်မ်ဂျုံအန်းနဲ့ ပူတင်တို့ဟာ ဇွန်လက ထိပ်သီးဆွေးနွေးပွဲမှာ အပြန်အလှန် ကာကွယ်ရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး အဲဒီစာချုပ်အရ လက်နက်ကိုင်တိုက်ခိုက်မှုတွေ ဖြစ်ပွားရင် တဖက်နဲ့တဖက် အကူအညီတွေပေးဖို့ တောင်းဆိုထားပါတယ်။
မြောက်ကိုရီးယားဟာ ယူကရိန်းကို တိုက်ခိုက်နေတဲ့ စစ်ပွဲကို ပံ့ပိုးကူညီဖို့အတွက် သောင်းနဲ့ချီတဲ့ သူ့တပ်ဖွဲ့ဝင်တွေကို ရုရှားကို စေလွှတ်ခဲ့ပြီး အဲဒီစစ်မြေပြင်မှာ သူတို့ထဲက ၁,၀၀၀ ကျော် သေဆုံး/ဒဏ်ရာရခဲ့ကြောင်း ဆိုးလ်နဲ့ ဝါရှင်တန်တို့က ပြောပါတယ်။
Source : Reuters