Home
နိုင်ငံတကာ
လေယာဉ်ပစ်ချမှုအတွက် တာဝန်ယူ လျော်ကြေးပေးရန် ရုရှားကို အဇာဘိုင်ဂျန် တောင်းဆို
DVB
·
December 30, 2024
အဇာဘိုင်ဂျန်သမ္မတ အီလ်ဟမ်အလီယက်ဗ်။ (Photo : PRESIDENT OF AZERBAIJAN POOL)

ခရစ္စမတ်နေ့က လေယာဉ်ပျက်ကျပြီး လူ ၃၈ ယောက် သေဆုံးမှုအတွက် ရုရှားက တာဝန်ယူပြီးတော့ လျော်ကြေးပေးဖို့ အဇာဘိုင်ဂျန်သမ္မတ အီလ်ဟမ်အလီယက်ဗ်က တောင်းဆိုလိုက်ပါတယ်။

ဒီလေယာဉ်ဟာ ချေချင်းညာမှာ ဆင်းသက်ဖို့ ကြိုးစားချိန်မှာ ရုရှား လေကြောင်းရန် ကာကွယ်ရေးစနစ်ရဲ့ ပစ်ခတ်မှုခံခဲ့ရပြီး ကာဇက်စတန်ကို လမ်းကြောင်းပြောင်းခဲ့ချိန်မှာ ပျက်ကျခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့မှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ရုရှားလေပိုင်နက်ထဲ လေယာဉ်ပျက်ကျမှုအတွက် အဇာဘိုင်ဂျန်သမ္မတ အလီယက်ဗ်ကို လူသိရှင်ကြား တောင်းပန်ခဲ့ပေမဲ့ တာဝန်ယူမယ်လို့တော့ မပြောခဲ့ပါဘူး။

အလီယက်ဗ်က မော်စကိုဟာ အစောပိုင်းမှာ ဖြစ်စဉ်ကို ဖုံးကွယ်ဖို့ပါ ကြိုးစားခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။

ပူတင် တောင်းပန်တာကို လက်ခံပေမဲ့ ရုရှားဟာ အပြစ်ရှိကြောင်း ဝန်ခံရမှာဖြစ်ပြီး လျော်ကြေးပေးရမယ်လို့ ဆိုပါတယ်။

ပျံသန်းမှုအမှတ်စဉ် J2-8243 ဟာ ချေချင်းညာကနေ လမ်းကြောင်းပြောင်းရင်း ကာဇက်စတန်မှာ ပျက်ကျသွားခဲ့ပြီး လိုက်ပါလာသူ ၆၇ ယောက်အနက် ၃၈ ယောက် သေဆုံးခဲ့တာဖြစ်ပါတယ်။

ခရီးသည်အများစုဟာ အဇာဘိုင်ဂျန်ကဖြစ်ပြီး ရုရှား၊ ကာဇက်စတန်နဲ့ ကာဂျစ်စတန်ကလည်း ပါဝင်ပါတယ်။

လေယာဉ် GPS စနစ်ဟာ အီလက်ထရောနစ် jamming စနစ်တွေကြောင့် သက်ရောက်မှု ရှိခဲ့ပြီးတော့ ရုရှားလေကြောင်းရန်ကာကွယ်ရေးဒုံးကျည် ပေါက်ကွဲမှု အစအနတွေ မှန်ပြီး ထိခိုက်ခဲ့တာဖြစ်တယ်လို့ လေကြောင်းကျွမ်းကျင်သူတွေက ယုံကြည်ထားပါတယ်။

ဒါပေမဲ့ အခင်းဖြစ်ပြီး နောက်ရက်တွေထဲမှာ ရုရှားဘက်က ဂတ်စလင်ဒါ ပေါက်ကွဲတာလိုမျိုး သတင်းတွေကို ဖော်ပြခဲ့ပြီး ဖြစ်ရပ်မှန်ကို ဖုံးကွယ်ဖို့ ကြိုးစားခဲ့တယ်ဆိုတာ ထင်ရှားတယ်လို့ အဇာဘိုင်ဂျန်သမ္မတက ဝေဖန်ပါတယ်။

ဒါ့အပြင် ငှက်အုပ်နဲ့တိုက်မိတာကြောင့်ဆိုတဲ့ သီအိုရီကိုလည်း ရုရှားဘက်က ဖြန့်ဖြူးဖို့ ကြိုးစားခဲ့သေးပြီး ဒီသီအိုရီနှစ်ခုစလုံးဟာ မိုက်မဲပြီး မရိုးသားဘူးလို့လည်း ဆိုပါတယ်။

လေယာဉ်ကို ရုရှားက ပစ်ချခဲ့တယ်ဆိုတာ ရှင်းလင်းကြောင်း၊ ရည်ရွယ်ချက်ရှိရှိ လုပ်တယ်လို့တော့ မပြောပေမဲ့ လုပ်တယ်ဆိုတာကတော့ ငြင်းမရကြောင်း သမ္မတက ထပ်ပြောခဲ့ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013