ကာဇက်စတန်နိုင်ငံမှာ ဗုဒ္ဓဟူးနေ့ကပျက်ကျခဲ့တဲ့ အဇာဘိုင်ဂျန် လေကြောင်းလိုင်းက လေယာဉ်ဟာ မြူခိုးထူတွေနဲ့ ယူကရိန်း ဒရုန်းတွေနဲ့ပတ်သက်တဲ့ ဒေသတွင်း သတိပေးချက်တွေ ထုတ်ပြန်ထားတဲ့ ကြားမှာပဲ ချေချင်းညာက သူ့ရဲ့ မူလနေရာကနေ လမ်းကြောင်းပြောင်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း ရုရှား လေကြောင်းစောင့်ကြည့်ရေးအဖွဲ့ (ရိုဇာဗီယက်ဇ်တာ) က ဒီဇင်ဘာ ၂၇ ရက် သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။
ရိုဇာဗီယက်ဇ်တာ လို့လည်း သိကြတဲ့ ရုရှား လေကြောင်းပို့ဆောင်ရေး ဖက်ဒရယ်အေဂျင်စီ- ဖှာတာရဲ့ အကြီးအကဲ ဒီမစ်ထရီ ယာ့ဒ်ရော့ဗ် က “အဲဒီနေ့က ချေချင်းညာရဲ့ ဂရော့ဇ်ညီ လေဆိပ်အနီးမှာ မြူတွေထူထပ်နေပြီး အမြင့် မီတာ ၅၀၀ မှာ ဘာကိုမှ မမြင်ရဘူး” လို့ ပြောပါတယ်။
အဇာဘိုင်ဂျန်လေကြောင်းလိုင်းက လေယာဉ်မှူးက ဂရော့ဇ်ညီလေဆိပ်မှာ ဆင်းသက်ဖို့ ၂ ကြိမ်တိုင်တိုင် ကြိုးစားခဲ့ပေမယ့် သူ့ကြိုးပမ်းမှုတွေ မအောင်မြင်ခဲ့ဘူး လို့လည်း ပြောပါတယ်။
လေယာဉ်မှူးကို တခြား ရုရှားလေဆိပ်တွေမှာ ဆင်းသက်ဖို့ ကမ်းလှမ်းခဲ့ပေမယ့် လေယာဉ်မှူးက ကာဇက်စတန်ရဲ့ အာ့ခ်တောင်းမြို့ကို ရွေးချယ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
စုံစမ်းစစ်ဆေးရမယ့် အခြေအနေတွေ အများကြီးရှိနေပြီး လေယာဉ်ပျက်ကျမှုကို စုံစမ်းစစ်ဆေးရေး လုပ်နေတဲ့ ကာဇက်နဲ့ အာဇာဘိုင်ဂျန် တို့ကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ပံ့ပိုးပေးသွားမှာဖြစ်တယ် လို့လည်း ဆိုပါတယ်။
ဒါ့အပြင် ယူကရိန်းတိုက်ခိုက်ရေးဒရုန်းတွေကလည်း ဂရော့ဇ်ညီ နဲ့ ဗလာဒီ ကာ့ဗ်ကာ့ဇ် မြို့တွေရှိ အရပ်ဘက်အခြေခံ အဆောက်အအုံတွေကို အကြမ်းဖက်တိုက်ခိုက်မှုတွေ တိုးမြင့်လာခဲ့တာကြောင့် လေယာဉ်အားလုံး သတ်မှတ်ထားသော လေပိုင်နက်ကနေ ချက်ချင်းထွက်ခွာရမယ် ဆိုတဲ့ ကားဗတ်ယော (ကော်ဇော) အစီအစဉ်ကို ဂရော့ဇ်ညီ လေဆိပ်ဧရိယာမှာ အစပြု လုပ်ဆောင်ခဲ့တယ်လို့လည်း ပြောဆိုပါတယ်။
ဘာတွေဖြစ်ပျက်ခဲ့တယ် ဆိုတာာကို နားလည်အောင် အပြီးသတ်စုံစမ်းစစ်ဆေးရေးကို စောင့်ဆိုင်းဖို့ အရေးကြီးတယ်လို့လည်း ရုရှားက ပြောပါတယ်။
အဇာဘိုင်ဂျန် သတင်းရင်းမြစ် ၄ ခုကတော့ လေယာဉ်ဟာ ရုရှားလေကြောင်း ကာကွယ်ရေးစနစ်ကြောင့် ထိမှန်သွားခဲ့ကြောင်း ကြာသပတေးနေ့က ရိုက်တာမှာ ပြောကြားခဲ့ပါတယ်။
Source: Reuters