ဖင်လန်အာဏာပိုင်တွေဟာ ဘောလ်တစ်ပင်လယ်ပြင်မှာ အီးဂဲလ်-အက်စ် အမည်ရှိ ရုရှားရေနံ တင်ဆောင်ထားတဲ့ သင်္ဘောတစင်းကို ဒီဇင်ဘာ ၂၆ ရက်မှာ ဖမ်းဆီးခဲ့ပါတယ်။
ဖင်လန်ကမ်းခြေစောင့်တပ်သားတွေက ကွတ်ခ်အိုက်လန်စ် မှတ်ပုံတင် သင်္ဘောကို လိုက်ပါ ကွပ်ကဲပြီးတော့ ဖင်လန်ရေပြင်ကို မောင်းနှင်ခဲ့တယ်လို့ ကမ်းခြေစောင့်တပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
ဖင်လန်ကမ်းခြေစောင့်တပ်ဖွဲ့ဟာ ဖမ်းမိထားတဲ့ သင်္ဘောရဲ့ ဓာတ်ပုံ ၂ ပုံကို သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်ခဲ့ပြီး အဲဒီအမှုကို “ပြင်းထန်တဲ့ ရာဇ၀တ်မှု ကျူးလွန်ခြင်း” အဖြစ် စုံစမ်းစစ်ဆေးနေတယ်လို့ ဖင်လန်ရဲတပ်ဖွဲ့က ဆိုပါတယ်။
ဖင်လန်အကောက်ခွန်ဌာနက သင်္ဘောရဲ့ကုန်စည်တွေကို သိမ်းဆည်းခဲ့ကြောင်း ပြောကြားပြီး ဒီသင်္ဘောဟာ ရုရှားရေနံရောင်းချမှုအပေါ် ပိတ်ဆို့အရေးယူမှုတွေကို ရှောင်လွှဲဖို့ ကြိုးပမ်းနေတဲ့ ရုရှားရဲ့ သက်တမ်းရင့် ရေနံတင်သင်္ဘောတွေထဲက ဖြစ်တယ်လို့ ယူဆထားပါတယ်။
အဲဒီသင်္ဘောကြောင့် ဖင်လန်နဲ့ အက်စ်တိုးနီးယားကို ဆက်သွယ်ထားတဲ့ ရေအောက်ဓာတ်အားကြိုးဟာ မနေ့ကပဲ ပြတ်တောက်သွားခဲ့ကာ အင်တာနက်လိုင်း ၄ ခုလည်း ပျက်စီးသွားတယ်လို့ သံသယရှိထားပါတယ်။
ဖင်လန်နဲ့ အက်စ်တိုးနီးယားတို့ကို ဆက်သွယ်ထားတဲ့ ဖင်လန်အော်ပရေတာ အယ်လီဆာ ပိုင်ဆိုင်တဲ့ ဖိုက်ဘာ အော့ပ်တစ် ကေဘယ်ကြိုး ၂ ခု ကျိုးသွားပြီး တရုတ်နိုင်ငံ Citic ပိုင်ဆိုင်တဲ့ ၂ နိုင်ငံကြား တတိယ အင်တာနက်ချိတ်ဆက်ကြိုး ပျက်စီးသွားတယ်လို့ ဖင်လန် သယ်ယူပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး အေဂျင်စီ ထရာဖီကွမ်းက ပြောပါတယ်။
ဖင်လန်နဲ့ ဂျာမနီတို့ကြား ဆက်သွယ်နေတဲ့ ဖင်လန်အဖွဲ့ စင်နီယာပိုင် စတုတ္ထမြောက် အင်တာနက် ကေဘယ်လ်လိုင်းလည်း ဆိုးဆိုးရွားရွား ထိခိုက်ထားတယ်လို့ ယူဆရကြောင်း အေဂျင်စီက ပြောကြားပါတယ်။
ဘောလ်တစ်ပင်လယ်ရှိ နိုင်ငံတွေဟာ ၂၀၂၂ ခုနှစ်ကတည်းက ဓာတ်အားကြိုးတွေ၊ တယ်လီကွန်း ချိတ်ဆက်မှုတွေနဲ့ ဓာတ်ငွေ့ပိုက်လိုင်းတွေ ပြတ်တောက်မှု ဖြစ်ပွားခဲ့ဖူးပြီးနောက်မှာ ပင်လယ်ရေအောက်သုံး စက်ပစ္စည်းတွေဟာ နည်းပညာချွတ်ယွင်းမှုနဲ့ မတော်တဆမှုတွေလည်း ရှိတတ်ပေမဲ့ ဖြစ်လာနိုင်ခြေရှိတဲ့ အဖျက်လုပ်ရပ်တွေအတွက် အလွန်ကို သတိထားနေကြတာ ဖြစ်ပါတယ်။
Source : Reuters