ရုရှား ဖက်ဒရယ်လုံခြုံရေးဌာန (FSB) ဟာ အားသွင်းဓာတ်ခဲ ပါဝါဘန့်ခ်တွေ၊ စာရွက်စာတမ်းထည့် ဖိုင်တွဲတွေအဖြစ် အသွင်ပြောင်းထားတဲ့ ဗုံးတွေကို အသုံးပြုပြီး မော်စကိုရှိ အဆင့်မြင့် ရုရှားအရာရှိတွေနဲ့ သူတို့ရဲ့မိသားစုတွေကို သတ်ဖြတ်မယ့် ယူကရိန်း ထောက်လှမ်းရေးဌာန (SBU) ရဲ့ အကြံအစည်တွေ အများအပြားကို ဖြိုခွင်းခဲ့တယ်လို့ ဒီဇင်ဘာ ၂၆ ရက်မှာ ပြောပါတယ်။
ရုရှားဖက်ဒရေးရှင်းရဲ့ ဖက်ဒရယ်လုံခြုံရေးအဖွဲ့ဟာ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထိပ်တန်း စစ်အရာရှိတွေအပေါ် လုပ်ကြံသတ်ဖြတ်မယ့် ကြိုးပမ်းမှုတွေ တားဆီးခဲ့ကြောင်း FSB က ပြောကြားခဲ့ပြီး ဒီတိုက်ခိုက်မှုတွေကို ပြင်ဆင်နေမှုမှာ ပါဝင်ပတ်သက်နေတဲ့ ရုရှားနိုင်ငံသား ၄ ယောက်ကိုလည်း ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။
အဲဒီ ရုရှားနိုင်ငံသားတွေကို ယူကရိန်းထောက်လှမ်းရေးဌာနက ခေါ်ယူစုဆောင်းထားတာ ဖြစ်ကြောင်းလည်း FSB က ပြောပါတယ်။
သူတို့ထဲက အမျိုးသားတယောက်ဟာ မော်စကိုမှာ ကာကွယ်ရေးဝန်ကြီးဌာနက ထိပ်တန်းအရာရှိတယောက်ရဲ့ မော်တော်ကားမှာ သံလိုက်နဲ့တွဲပြီး တင်ဆင်ထားတဲ့ ပါဝါဘန့်ခ်ပုံစံတူ ဗုံးတလုံးကို ပြန်ယူပေးခဲ့တယ်လို့ FSB က ဆိုပါတယ်။
နောက်ထပ် ရုရှားအမျိုးသားတယောက်ကိုတော့ ရုရှားကာကွယ်ရေး အကြီးတန်းအရာရှိတွေကို ကင်းထောက်ဖို့ တာဝန်ပေးထားတာပါ။
တယောက်ကတော့ စာရွက်စာတမ်းထည့် ဖိုင်တွဲအဖြစ် အသွင်ယူထားတဲ့ ဗုံးတလုံး ပေးပို့မှုကို ကြံစည်တဲ့အထဲ ပါဝင်ပတ်သက်နေတာလို့ ဆိုပါတယ်။
ယူကရိန်းရဲ့ SBU ထောက်လှမ်းရေးတပ်ဖွဲ့ဟာ ဒီဇင်ဘာ ၁၇ ရက်က ရုရှား နျူးကလီးယား၊ ဇီဝနဲ့ ဓာတုဆိုင်ရာ ကာကွယ်ရေးတပ်ဖွဲ့များ အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး ကီရီလော့ဗ်ကို မော်စကိုမြို့ရှိ သူ့တိုက်ခန်း အပြင်ဘက်မှာ လျှပ်စစ်စကူတာတစီးကို ဗုံးတပ်ဆင် ဖောက်ခွဲပြီး သတ်ဖြတ်ခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုရဲ့ နောက်ကွယ်မှာ ယူကရိန်းထောက်လှမ်းရေးအေဂျင်စီ ရှိနေကြောင်း SBU သတင်းရင်းမြစ်တခုက ရိုက်တာကို အတည်ပြု ပြောကြားခဲ့ပါတယ်။
ရုရှားကလည်း ဒီသတ်ဖြတ်မှုဟာ ကိယက်ဗ်ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပြီး လက်စားချေမယ်လို့ ကတိပြုခဲ့ပါတယ်။
Source : Reuters