Home
နိုင်ငံတကာ
ယူကရိန်း-ရုရှား စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးရန် ပုပ်ရဟန်းမင်းကြီး တိုက်တွန်း
DVB
·
December 26, 2024
Photo: Reuters

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ရုရှားက ယူကရိန်းကို ကျူးကျော်မှုကြောင့် ဖြစ်ပွားနေတဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ နှစ်ဖက်ကြား ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။

ရိုးရာ ခရစ္စမတ်နေ့ ဒေသနာမှာ နှစ်ဖက်ကြား တရားမျှတပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရဖို့ ဆွေးနွေးရေးတံခါး ဖွင့်ရမယ်လို့ တိုက်တွန်းခဲ့ပါတယ်။

ခရစ္စမတ်နေ့မှာပဲ ရုရှားက ဒုံးကျည်နဲ့ ဒရုန်းအစင်း ၁၈၄ စင်းထက်မနည်း သုံးပြီး ယူကရိန်းရဲ့ စွမ်းအင်အဆောက်အအုံတွေကို တိုက်ခိုက်ခဲ့တဲ့နောက်မှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဒီနှစ်အစောပိုင်းကတည်းက ပုပ်ရဟန်းမင်းကြီးရဲ့ အလံအဖြူထူဖို့ တိုက်တွန်းချက်ကို ယူကရိန်းက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပါတယ်။

စိန့်ပီတာရင်ပြင်မှာ လူထောင်ပေါင်းများစွာကို ပြောကြားတဲ့ မြို့တော်နဲ့ ကမ္ဘာသို့  (Urbi et Orbi) ဒေသနာမှာ အသက် ၈၈ နှစ်အရွယ် ပုပ်ရဟန်းမင်းကြီးက ယူကရိန်း အပါအဝင် ကမ္ဘာတဝန်းမှာ စစ်သံတွေ တိတ်သွားဖို့ တောင်းဆိုခဲ့ပါတယ်။

တဦးချင်း၊ နိုင်ငံအသီးသီးမှ ပြည်သူတွေအားလုံးကို မျှော်လင့်ချက်ရဲ့ ဘုရားဖူးတွေ ဖြစ်လာကြဖို့နဲ့ ကွဲပြားမှုတွေကို ကျော်လွှားကြဖို့ တိုက်တွန်းခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်လို ဒီနှစ်မှာလည်း ဂါဇာမှာ အပစ်အခတ်ရပ်စဲဖို့နဲ့ ဟားမတ်စ်က ဖမ်းထားတဲ့ ဓားစာခံတွေကို လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

အထူးသဖြင့် ဂါဇာမှာ လူသားချင်းစာနာမှု အခြေအနေ အလွန်ဆိုးရွားနေတဲ့ အစ္စရေးနဲ့ ပါလက်စတိုင်းက ခရစ်ယာန်တွေအတွက် စိုးရိမ်မိကြောင်း ဖော်ပြခဲ့ပါတယ်။

ဂါဇာစစ်ပွဲဟာ ၂၀၂၃ အောက်တိုဘာ ၇ ရက်က ဟားမတ်စ်ရဲ့ အစ္စရေးကို တိုက်ခိုက်မှုကနေ စတင်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုမှာ လူပေါင်း ၁,၂၀၀ ခန့် သေဆုံးခဲ့ပြီး ၂၅၁ ယောက်ကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ပါတယ်။

အစ္စရေးရဲ့ ပြန်လည်တိုက်ခိုက်မှုကြောင့် ဂါဇာမှာ ပါလက်စတိုင်း ၄၅,၀၀၀ ကျော် သေဆုံးခဲ့ကြောင်း ဟားမတ်စ် ကျန်းမာရေးဌာနက ဖော်ပြထားပါတယ်။

ဒီတပတ်အတွင်း ပုပ်ရဟန်းမင်းကြီးက အစ္စရေးရဲ့ တိုက်ခိုက်မှုတွေဟာ ရက်စက်ကြမ်းကြုတ်တယ်လို့ နှစ်ကြိမ်တိုင် ပြောဆိုခဲ့တာကို အစ္စရေးက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပါတယ်။ လက်ဘနွန်နဲ့ ဆီးရီးယားက ခရစ်ယာန်တွေကိုလည်း အမှတ်ရကြောင်း ဖော်ပြခဲ့ပါတယ်။

ဆီးရီးယားမှာ ၂၄ နှစ်ကြာ အာဏာရခဲ့တဲ့ သမ္မတ ဘာရှား အယ်လ် အာဆတ်ဟာ ဒီလအတွင်း တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် ပြုတ်ကျသွားခဲ့ပါတယ်။

လူနည်းစုတွေရဲ့ အနာဂတ်အတွက် စိုးရိမ်နေကြပေမဲ့ ဘာသာတရားအားလုံးကို ကာကွယ်မယ်လို့ အစိုးရသစ်က ဆိုထားပါတယ်။

၂၀၁၁ ဆီးရီးယားစစ်ပွဲ စတင်ကတည်းက ခရစ်ယာန်ဦးရေ ထက်ဝက်ကျော် လျော့နည်းသွားပြီလို့ သိရပါတယ်။

Source : Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024