နှစ်ပေါင်း ၅၀၀၀၀ သက်တမ်းရှိ ရှေးဟောင်းဆင်လေးတကောင်ရဲ့ ရုပ်ကြွင်းကို ရှာဖွေ တွေ့ရှိကြောင်း ရုရှားသိပ္ပံပညာရှင်တွေက ဖော်ပြပါတယ်။
နွေရာသီမှာ ဆိုက်ဘေးရီးယားရဲ့ အမြဲအေးခဲနေတဲ့ ယာကူတီယာဒေသမှာ ရေခဲတွေ အရည်ပျော်ပြီးနောက် ရှေးဟောင်းဆင်လေးရဲ့ ရုပ်ကြွင်းကို ရှာတွေ့ခဲ့တာပါ။
ယာနာလို့ နာမည်ပေးထားတဲ့ ဆင်ပေါက်လေးဟာ ကမ္ဘာပေါ်မှာ ရှာတွေ့တဲ့ ရုပ်ကြွင်းတွေအနက် အပြည့်စုံဆုံး ရုပ်ကြွင်းတခု ဖြစ်ပါတယ်။
မြစ်ဘေးက ချိုင့်ဝှမ်းမှာ ရှာတွေ့ခဲ့တဲ့ ဒီဆင်ပေါက်လေးဟာ ၁၀၀ ကီလိုဂရမ်ရှိပြီး အရပ် ၄ ပေရှိကာ အရှည် ၂၀၀ စင်တီမီတာ ရှည်ပါတယ်။
ခန့်မှန်းချက်တွေအရ ဒီဆင်ပေါက်လေးဟာ ၁ နှစ်သားအရွယ်မှာ သေဆုံးခဲ့တာဖြစ်ပြီး သူ့ကို ကမ္ဘာရဲ့ အေးခဲမှုအကြီးဆုံးဒေသမှာ တွေ့ခဲ့တာပဲ ဖြစ်ပါတယ်။
ရေခဲတွေ အရည်ပျော်ပြီး ပေါ်ထွက်လာတဲ့ ရုပ်ကြွင်းကို သားရဲတွေနဲ့ ငှက်တွေက စားသောက်ပစ်တတ်ကြလို့ ဆင်လေးရဲ့လက်တံတွေ အစားခံခဲ့ရကာ ဦးခေါင်းပိုင်းတော့ အကြောင်းအတိုင်း ကျန်တယ်လို့ လာဇာရက်ဇတ်ရုပ်ကြွင်းသုတေသနပြတိုက် အကြီးအကဲ ချာပါဆော့ဗ်က ပြောပါတယ်။
လက်ရှိအချိန်မှာ သိပ္ပံပညာရှင်တွေက ဆင်ကလေး ယာနာ ဘယ်လိုသေဆုံးခဲ့လဲဆိုတာ လေ့လာနေပါတယ်။
ပြီးခဲ့တဲ့လက ဒီဒေသမှာ နှစ်ပေါင်း ၃၂၀၀၀ က ကြောင်ရုပ်ကြွင်းတခု တွေ့ခဲ့ကာ ပြီးခဲ့တဲ့နှစ်ကလည်း နှစ်ပေါင်း ၄၄၀၀၀ သက်တမ်းရှိ ဝံပလွေတကောင်ကိုလည်း တွေ့ရှိခဲ့ဖူးပါတယ်။
ကမ္ဘာပေါ်မှာ ဒီလိုရုပ်ကြွင်းမျိုး ၆ ခုတွေ့ထားပြီး ကနေဒါနိုင်ငံမှာ ၁ ခုရှိကာ ရုရှားမှာ ၅ ခု ရှာတွေ့ထားပါတယ်။
Source : Reuters