ရုရှားနိုင်ငံ အရှေ့အလယ်ပိုင်းဒေသက တာတာစတန်သမ္မတနိုင်ငံနားမှာ ယူကရိန်းဒရုန်း နောက်တစင်းကို ရုရှားတပ်ဖွဲ့တွေက ပစ်ချခဲ့တယ်လို့ ရုရှားအစိုးရက ဒီဇင်ဘာ ၂၁ ရက်မှာ ပြောပါတယ်။
ယူကရိန်းနိုင်ငံမှာလည်း ရုရှားဆီက ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်နဲ့ တိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှု အချက်ပေးသံတွေ ထွက်လာခဲ့ပါတယ်။
ဒေသစံတော်ချိန် မနက် ၇ နာရီ မိနစ် ၅၀ လောက်မှာ ရုရှား လေကြောင်းရန်ကာကွယ်ရေးစနစ်က တာတာစတန်အပေါ်ကနေ ဖြတ်သန်းလာတဲ့ ယူကရိန်းဒရုန်းတစီးကို အောင်အောင်မြင်မြင် ကြားဖြတ်ဟန့်တားနိုင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။
တာတာစတန်မြို့တော် ခါဇန်က အာဏာပိုင်တွေက မနက်အစောပိုင်းမှာ ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီး မြို့ကို ပစ်မှတ်အထားခံရတယ်လို့ လူမှုမီဒီယာမှာ အတည်ပြုခဲ့ပါတယ်။
တိုက်ခိုက်မှုကြောင့် နေရာအများအပြားမှာ လူနေအဆောက်အအုံ အများအပြား မီးလောင်ခဲ့ပြီး အရေးပေါ်ဝန်ဆောင်မှုတွေ တာဝန်ချထားပေးခဲ့တယ်၊ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ CCTV သတင်းဌာနက ဖော်ပြပါတယ်။
တာတာစတန်ဟာ အခုအချိန်အထိ ဒရုန်းတိုက်ခိုက်မှု စုစုပေါင်း ၈ ခုကို မှတ်တမ်းတင်ထားပြီး အသေအပျောက်မရှိဘူးလို့ ရုရှားသတင်းအေဂျင်စီ TASS က ဆိုပါတယ်။
လက်ရှိဖြစ်ရပ်တွေကြောင့် ကာဇန်မြို့တော် အာဏာပိုင်တွေက အများပြည်သူ ဘေးကင်းစေဖို့ သီတင်းပတ်ကုန်ရက်မှာ လုပ်ဖို့ စီစဉ်ထားတဲ့ အဓိကပွဲတွေ အားလုံးကို ဖျက်သိမ်းခဲ့ပါတယ်။
Source : Reuters