စပိန်နဲ့ အယ်လ်ဂျီးရီးယားကြား မြေထဲပင်လယ်မှာ ယောရ်ဇာမေးဂျာ အမည်ရှိ ရုရှား ကုန်တင်သင်္ဘောတစင်း အင်ဂျင်ခန်း ပေါက်ကွဲမှုကြောင့် နစ်မြုပ်ခဲ့ပြီး အမှုထမ်း ၂ ယောက်လည်း ပျောက်ဆုံးနေကြောင်း ရုရှားနိုင်ငံခြားရေးဌာနက ဒီဇင်ဘာ ၂၄ ရက်မှာ ပြောပါတယ်။
အင်ဂျင်ခန်းအတွင်း ပေါက်ကွဲမှုဖြစ်ပွားပြီးနောက်မှာ သင်္ဘောပျက်သွားတာဖြစ်ပြီး သင်္ဘောအမှုထမ်း ၁၆ ယောက်ရှိတဲ့အထဲက ၁၄ ယောက်ကို ကယ်ဆယ်ခဲ့ပြီး စပိန်နိုင်ငံကို ပို့ဆောင်ခဲ့ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ အင်ဂျင်ခန်း ပေါက်ကွဲရတဲ့ အကြောင်းအရင်းကိုတော့ ပြောကြားခြင်းမရှိပါဘူး။
စပိန်ရေတပ်သင်္ဘော အပါအဝင် သင်္ဘောအများအပြားဟာ သင်္ဘောသားတွေကို ကယ်ဆယ်ရာမှာ ပါဝင်ခဲ့ကြောင်း စပိန်သတင်းဌာန အယ်လ်-အက်စ်ပါညောရဲ့ ၀က်ဘ်ဆိုက်မှာ ပြောထားပါတယ်။
LSEG သင်္ဘော ခြေရာခံဒေတာအရ အဲဒီသင်္ဘောဟာ ဒီဇင်ဘာ ၁၁ ရက်က ရုရှားဆိပ်ကမ်းမှ ထွက်ခွာခဲ့ပြီး အယ်လ်ဂျီးရီးယားနဲ့ စပိန်အကြားမှာ တနင်္လာနေ့က ဂရင်းနစ်စံတော်ချိန် ၂၂၀၄ နာရီမှာ အချက်ပြမှုတခု ပေးပို့ခဲ့ကြောင်း ဖော်ပြထားပါတယ်။
စိန့်ပီတာစဘတ်မှ ထွက်ခွာချိန်မှာ သူ့ရဲ့ နောက်ဆိပ်ကမ်းဟာ ဗလာဒီဗော့စတော့ ရုရှားဆိပ်ကမ်းဖြစ်ကြောင်း ညွှန်ပြခဲ့ပြီး အစောပိုင်းက ခေါ်ထားတဲ့ ဆီးရီးယားရဲ့ တာ့တိုးစ် ဆိပ်ကမ်း မဟုတ်ပါဘူး။
သင်္ဘောအော်ပရေတာနဲ့ ပိုင်ရှင်ဟာ ရုရှားကာကွယ်ရေးဝန်ကြီးဌာနပိုင် အော့ဘော်ရွန် လိုဂျစ်စတစ် သင်္ဘောနဲ့ ထောက်ပံ့ပို့ဆောင်ရေး ကုမ္ပဏီရဲ့ အစိတ်အပိုင်းတခုဖြစ်တဲ့ SK-ယုဂ် ကုမ္ပဏီ ဖြစ်ကြောင်း LSEG သင်္ဘော ခြေရာခံဒေတာက ပြထားပါတယ်။
အော့ဘော်ရွန် လိုဂျစ်စတစ်နဲ့ SK-ယုဂ် ကုမ္ပဏီတွေကတော့ သင်္ဘောနစ်မြုပ်မှုအပေါ် မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။
အော့ဘော်ရွန် လိုဂျစ်စတစ်က ဒီဇင်ဘာ ၂၀ ရက် ထုတ်ပြန်ချက်အရ သင်္ဘောဟာ ဗလာဒီဗော့စတော့ဆိပ်ကမ်းမှာ တပ်ဆင်မယ့် အထူးဆိပ်ကမ်းကရိန်းတွေအပြင် ရေခဲခွဲသင်္ဘော အသစ်တွေအတွက် အစိတ်အပိုင်းတွေကို သယ်ဆောင်လာခဲ့တယ်လို့ ဆိုထားပါတယ်။
Source : Reuters