ဆီးရီးယား အာဏာရှင် သမ္မတဟောင်း ဘာရှား အယ်လ်-အာဆတ်ရဲ့ ဗြိတိန်နိုင်ငံဖွား ဇနီးသည် အက်စ်မာ အယ်လ်-အာဆတ်ဟာ ကွာရှင်းပြတ်စဲလိုပြီး ရုရှားကနေ ထွက်ခွာလိုကြောင်း ရည်ညွှန်းဖော်ပြထားတဲ့ တူရကီမီဒီယာ သတင်းတွေကို ကရင်မ်လင်နန်းတော်က ဒီဇင်ဘာ ၂၃ ရက်မှာ ပယ်ချခဲ့ပါတယ်။
ဒါ့အပြင် အာဆတ်ဟာ မော်စကိုမှာ အချုပ်အနှောင် ခံထားရပြီး သူ့ရဲ့ပိုင်ဆိုင်မှုတွေကိုလည်း ထိန်းချုပ်ထားကြောင်း တူရကီမီဒီယာတွေရဲ့ သတင်းတွေကိုလည်း ကရင်မ်လင် ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီ ပက်စ်ကို့ဗ်က ပယ်ချခဲ့ပါတယ်။
ဒီအချက်အလက်တွေဟာ လက်တွေ့နဲ့ ကိုက်ညီမှု ရှိ မရှိ သတင်းစာရှင်းလင်းပွဲတခုမှာ မေးမြန်းခဲ့ရာမှာ ဒီအစီရင်ခံချက်တွေဟာ မမှန်ကန်ကြောင်းနဲ့ လက်တွေ့နဲ့ မကိုက်ညီကြောင်း ပက်စ်ကို့ဗ်က ပြောကြားခဲ့ပါတယ်။
ဆီးရီးယားတော်လှန်ရေးတပ်ဖွဲ့တွေဟာ လျှပ်တပြက် ထိုးစစ်ဆင် ချီတက်လာပြီးတော့ မြို့တော် ဒမတ်စကပ်ကို ထိန်းချုပ်နိုင်ခဲ့အပြီးမှာ အာဆတ်မိသားစုကို ရုရှားနိုင်ငံက အခုလအတွင်း ခိုလှုံခွင့် ပြုခဲ့တာပါ။
ဒီသီတင်းပတ်ကုန် တနင်္ဂနွေနေ့မှာတော့ အာဆတ်ကတော် အက်စ်မာ အယ်လ်-အာဆတ်က ကွာရှင်းပြတ်စဲခွင့် လျှောက်ထားခဲ့ကြောင်း တူရကီနဲ့ အာရပ်မီဒီယာတွေမှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
Source : Reuters