Home
နိုင်ငံတကာ
ခရစ္စမတ်နေ့က ရုရှားတိုက်ခိုက်မှု ယူကရိန်းသမ္မတဇလန်းစကီး ရှုတ်ချ
DVB
·
December 26, 2024
Photo: REUTERS/Sofiia Gatilova

ခရစ္စမတ်နေ့မှာ ခရုဇ်၊ ဘယ်လစ်တစ် ဒုံးကျည်တွေနဲ့ ဒရုန်းတွေသုံးပြီး တိုက်ခိုက်တာက လူမဆန်ဘူးလို့ ယူကရိန်းသမ္မတ ဇလန်းစကီးက ပြောပါတယ်။

ရုရှားဟာ ခရစ္စမတ်နေ့မှာ ယူကရိန်းရဲ့ စွမ်းအင်ထုတ်လုပ်တဲ့ အဆောက်အအုံနဲ့ မြို့တချို့ကို တိုက်ခိုက်မှု ပြုလုပ်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် ကာကီဗ်ရဲ့ အရှေ့မြောက်ဘက်မြို့မှာ ၆ ယောက် ဒဏ်ရာရခဲ့ပြီး နီပရိုပီထရော့မှာ တယောက် သေဆုံးတယ်လို့ မြို့တော်ဝန်တွေက ဆိုပါတယ်။

ဒီတိုက်ခိုက်မှုဟာ တရားလွန်တိုက်ခိုက်မှုလို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ရှုတ်ချထားပြီး ယူကရိန်းကို စစ်လက်နက် အကူအညီပေးရေး ပိုလုပ်ဖို့ ကာကွယ်ရေးဌာနကို ညွှန်ကြားထားပါတယ်။

ဆောင်းဝင်လာချိန် ယူကရိန်းပြည်သူတွေ အအေးဒဏ်ခံနိုင်ဖို့ Heater လိုအပ်နေချိန် လျှပ်စစ်ဓာတ်အားပေး အဆောက်အအုံတွေကို တိုက်ခိုက်တာက ရည်ရွယ်ချက်ရှိတယ်လို့ ဘိုင်ဒင်က ဆိုပါတယ်။

အမေရိကန်ဟာ ယူကရိန်းကို ကူညီဖို့ ဒေါ်လာ ၁၇၅ ဘီလီယံ ကူညီပေးခဲ့ပေမဲ့ ထရမ့်ပ် သမ္မတ တာဝန်ယူချိန်မှာတော့ အခုလို ဆက်ပြီး ထောက်ပံ့မလားဆိုတာ မသေချာသေးပါဘူး။ ထရမ့်ပ်ကတော့ ဒီစစ်ပွဲကို အမြန်ဆုံး အဆုံးသတ်ဖို့ ဆန္ဒရှိတယ်လို့ ပြောထားပါတယ်။

ရာသီဥတုအေးလာချိန် ကာကိဗ်ဒေသမှာ လူ ၅ သိန်းလောက် အပူပေးစနစ်မရှိဘဲ နေရသလို ကိယက်ဗ်မြို့နဲ့ အခြားနေရာတွေမှာလည်း လျှပ်စစ်မီးပြတ်တောက်မှုတွေ ဖြစ်ပေါ်နေပါတယ်။

“ခရစ္စမတ်နေ့မှာ ပူတင်က ရည်ရွက်ချက်ရှိရှိ တိုက်ခိုက်ခဲ့တာပါ။ ဒီတိုက်ခိုက်မှုမှာ ဒရုန်း ၁၀၀ ကျော်၊ ဘယ်လစ်စတစ်ဒုံးကျည် အပါအဝင် ဒုံးကျည် ၇၀ ကျော် အသုံးပြုခဲ့တာက လူမဆန်တဲ့ လုပ်ရပ်ပါ” လို့ ဇလန်းစကီးက ပြောပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးကတော့ ကိယဗ်မြို့မှာရှိတဲ့ စစ်တပ်ကို ထောက်ပံ့တဲ့ အဓိက ဓာတ်အားပေးနေရာတွေကို တိုက်ခိုက်ခဲ့တာလို့ အတည်ပြုပြီး ပစ်မှတ်ကို ထိမှန်တယ်၊ တိုက်ခိုက်မှု အောင်မြင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒီတိုက်ခိုက်မှုမှာ ဒုံးကျည် ၅၉ လုံး၊ ဒရုန်း ၅၄ စင်းတို့ကို လေကြောင်းကာကွယ်မှု ပြုလုပ်နိုင်ခဲ့တယ်လို့ ယူကရိန်းစစ်တပ်က ဆိုပါတယ်။

ရုရှားဟာ ဒီနှစ် နွေရာသီကတည်းက ယူကရိန်းရဲ့ စွမ်းအင်ဖြန့်ဖြူးတဲ့ အဆောက်အအုံတွေကို အဓိက ပစ်မှတ်ထားခဲ့ပြီး စွမ်းအင်အဆောက်အအုံ တဝက်ကျော် ပျက်စီးထားပါတယ်။ 

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013