Home
နိုင်ငံတကာ
ရုရှားတွင် မြောက်ကိုးရီးယားစစ်သားများ ဆုံးရှုံးမှုကြုံနေရဟု ယူကရိန်းသမ္မတ ပြော
DVB
·
December 28, 2024
Photo: KCNA via REUTERS

ရုရှားနိုင်ငံ ကာ့စ်ခ် ဒေသမှာတပ်စွဲထားတဲ့ မြောက်ကိုရီးယားတပ်ဖွဲ့တွေဟာ ကြီးကြီးမားမား ဆုံးရှုံးမှုတွေ ကြုံတွေ့နေရပြီး သူတို့နဲ့အတူ တိုက်ခိုက်နေတဲ့ ရုရှားတပ်ဖွဲ့တွေက ကာကွယ်စောင့်ရှောက်မှုမပေးဘူးလို့ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်စကီး က ဒီဇင်ဘာ ၂၇ ရက် သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။ 

မြောက်ကိုးရီးယားစစ်သားတွေ ပါ၀င်တဲ့ ကာ့စ်ခ်ဒေသ တိုက်ပွဲတွေနဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေလည်း ရှိထားပြီး သူတို့ရဲ့ ဆုံးရှုံးမှုတွေက သိသာထင်ရှားလွန်းတယ်လို့ ဆိုပါတယ်။ 

ရုရှားတပ်တွေဟာ မြောက်ကိုးရီးယားတွေကို အကာအကွယ်အနည်းဆုံးနဲ့ တိုက်ပွဲထဲကို စေလွှတ်ခဲ့ပြီးတော့ မြောက်ကိုရီးယားတွေဟာ သုံ့ပန်းအဖြစ် အကျဉ်းချခံရမှာကို ရှောင်လွှဲနိုင်ဖို့ အလွန်အကျွံတွေ လုပ်နေတယ်လို့ ဇလန်စကီးက သူ့ရဲ့ ညစဉ် ဗွီဒီယိုမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယားစစ်သားတွေနဲ့ပတ်သက်ပြီး အစီရင်ခံစာတွေ တက်လာတာမှာ ယူကရိန်းတပ်ဖွဲ့တွေက သူတို့ကို ဖမ်းဆီးနိုင်ခဲ့ပေမယ့် သူတို့မှာ ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိထားပြီးတော့ သူတို့ရဲ့အသက်ကို ကယ်လို့မရခဲ့ဘူး။ ဒါဟာ အာဏာရှင်တွေ ရူးသွပ်မှုရဲ့ ဥပမာတခုပဲ လို့ ယူကရိန်းသမ္မတ ဇလန်စကီးက ပြောပါတယ်။  

ရုရှားစစ်တပ်နဲ့ မြောက်ကိုရီးယား ကြီးကြပ်သူတွေဟာ ဒီမြောက်ကိုရီးယားတပ်ဖွဲ့တွေရဲ့ အသက်ရှင်သန်မှုကို အာမခံပေးဖို့ စိတ်ဝင်စားမှုမရှိဘဲ သူတို့တွေကို ဖမ်းမိဖို့ မဖြစ်နိုင်အောင်လည်း အားလုံး ပြင်ဆင်ထားပြီး သူတို့တပ်ဖွဲ့တွေကပဲ သူတို့ကို ကွပ်မျက်ပစ်လိုက်တဲ့ သာဓကတွေ ရှိတယ်လို့လည်း ဇလန်စကီးက ပြောဆိုပါတယ်။ 

ကိုရီးယားလူမျိုးတွေဟာ ဥရောပကတိုက်ပွဲတွေမှာ အသက်မဆုံးရှုံးသင့်ဘူးလို့လည်း ဆိုပါတယ်။ ဒါဟာ တရုတ်အပါအဝင် ကိုရီးယားရဲ့ အိမ်နီးချင်းနိုင်ငံတွေအပေါ် လွှမ်းမိုးနိုင်တဲ့ကိစ္စ ဖြစ်ပြီး တကယ်လို့ စစ်ပွဲမချဲ့ထွင်သင့်ဘူးလို့ တရုတ်က စိတ်ရင်းမှန်နဲ့ ပြောတာဆိုရင် ပြုံယမ်းအပေါ် သင့်လျော်တဲ့ ဖိအားပေးဖို့ လိုအပ်တယ်လို့လည်း ဇလန်စကီးက ပြောပါတယ်။ 

ဩဂုတ်လက ယူကရိန်းတပ်ဖွဲ့ဝင်တွေ ဝင်ရောက်သိမ်းပိုက်ထားတဲ့ နယ်စပ်က ရုရှားနိုင်ငံ  ကာ့စ်ခ် ဒေသမှာ မြောက်ကိုရီးယား တပ်ဖွဲ့ဝင် ၁၂,၀၀၀ လောက်ရှိကြောင်း ယူကရိန်းနဲ့ အနောက်နိုင်ငံ ထောက်လှမ်းရေး အစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။ 

အခုသီတင်းပတ် အစောပိုင်းမှာ  မြောက်ကိုရီးယားနိုင်ငံသား ၃၀၀၀ ကျော် သေဆုံး ဒါမှမဟုတ် ဒဏ်ရာရခဲ့တယ်လို့လည်း ယူကရိန်းသမ္မတ ဇလန်စကီးက ပြောပါတယ်။ 

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013