
ရုရှားလေကြောင်းရန် ကာကွယ်ရေးစနစ်ကြောင့် အဇာဘိုင်ဂျန် လေကြောင်းလိုင်းပိုင် လေယာဉ်တစင်း ပျက်ကျခဲ့ရတဲ့ ‘ကြေကွဲဖွယ်ဖြစ်ရပ်’ အတွက် ရုရှားသမ္မတ ဗလာဒီမာပူတင်က အဇာဘိုင်ဂျန်ခေါင်းဆောင်ကို လူသိရှင်ကြား တောင်းပန်လိုက်ပါတယ်။
ပူတင်က ဒီလို လူသိရှင်ကြား တောင်းပန်တာဟာ ရှားရှားပါးပါးဖြစ်ပေမဲ့ ပစ်ချတယ်လို့တော့ အတိအကျ မဝန်ခံပါဘူး။ ပြစ်မှုကြောင်းအရ အမှုဖွင့် စုံစမ်းစစ်ဆေးနေတယ်လို့သာ ထုတ်ပြန်ပါတယ်။
ဗုဒ္ဓဟူးနေ့က ဘာကူမြို့ကနေ ရုရှားပြည်ထောင်စု၊ ချေချင်းညာဒေသ မြို့တော်ဂရော့ဇ်နီကို ပျံသန်းခဲ့တဲ့ J2-8243 ခရီးစဉ်ဟာ ယူကရိန်းဒရုန်းတွေ တိုက်ခိုက်နေတဲ့ ရုရှားတောင်ပိုင်းကို ရှောင်ရှားပြီး ကာဇက်စတန်နိုင်ငံ အက်တာအူမြို့အနီးမှာ အရေးပေါ်ဆင်းသက်ခဲ့ရာမှာ အနည်းဆုံး လူ ၃၈ ယောက် သေဆုံးခဲ့ပါတယ်။
စုံစမ်းစစ်ဆေးမှုကနဦးရလဒ်တွေကို သိရှိထားတဲ့ အရင်းအမြစ် ၄ ခုက ရိုက်တာသတင်းဌာနကို ပြောကြားချက်အရ ရုရှားလေကာကွယ်ရေးစနစ်က လေယာဉ်ကို မှားယွင်းပစ်ချခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။
ခရီးသည်တွေကလည်း လေယာဉ်အပြင်ဘက်မှာ ပြင်းထန်တဲ့ ပေါက်ကွဲသံကြီး ကြားခဲ့ရကြောင်း ပြောပါတယ်။
ပူတင်က သမ္မတအီလ်ဟမ် အယ်လီယက်ဗ်ကို ဖုန်းဆက်ပြီး “ရုရှားဝေဟင်မှာ ဖြစ်ပွားခဲ့တဲ့ ကြေကွယ်ဖွယ်ဖြစ်ရပ်အတွက် တောင်းပန်ပါကြောင်း၊ သေဆုံးသွားသူတွေရဲ့ မိသားစုဝင်တွေ လေးလေးနက်နက် စာနာမိပါကြောင်း၊ ထိခိုက်ဒဏ်ရာရသူတွေ အမြန်ဆုံး ပြန်လည်သက်သာလာပါစေကြောင်း” ပြောကြားခဲ့တယ်လို့ ကရင်မလင်နန်းတော်က ထုတ်ပြန်ပါတယ်။
အဲဒီအချိန် ဂရော့ဇ်နီ၊ မော့ဇ်ဒေါ့နဲ့ ဗလာဒီကာဗ်ကားစ်မြို့တွေကို ယူကရိန်းဒရုန်းတွေ တိုက်ခိုက်နေတာမို့ ရုရှား လေကြောင်းရန်ကာကွယ်ရေးစနစ်တွေက တိုက်ခိုက်မှုကို တွန်းလှန်ခဲ့ရတယ်လို့လည်း ဖော်ပြထားပါတယ်။
Source: Reuters