ရုရှားနိုင်ငံတောင်ပိုင်း ကာ့စ်ခ်ဒေသမှာ ယူကရိန်းတပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲဖြစ်နေတာ ၅ လအတွင်း ရုရှားက ကြီးကြီးမားမား ဆုံးရှုံးမှုတွေ ကြုံနေကြရပြီး လူပေါင်း ၁ သောင်းခွဲနီးပါး သေဆုံးခဲ့တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ဇန်နဝါရီ ၆ ရက်မှာ ပြောပါတယ်။
“ကာ့စ်ခ် စစ်ဆင်ရေးအတွင်းမှာ ရန်သူက ဒီလမ်းကြောင်းတခုတည်းအတွက် သူတို့ရဲ့ စစ်သား ၃၈,၀၀၀ ကို ဆုံးရှုံးထားပြီး အဲဒီထဲက ၁ သောင်းခွဲလောက်ဟာ ဘယ်လိုမှ လှည့်ပြန်လို့ မရတော့ဘူး” လို့ ဇလန်းစကီးက သူ့ရဲ့ ညစဉ် ဗီဒီယိုမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။
ဩဂုတ်လတုန်းက အစုလိုက်အပြုံလိုက် ကျူးကျော်မှုတွေနဲ့ စတင်ခဲ့တဲ့ ရုရှားပိုင်နက် ကာ့စ်ခ်ဒေသ စစ်ဆင်ရေးမှာ ကြားခံဇုန်တခုကို ထိန်းသိမ်းထားကြောင်းနဲ့ အဲဒီနေရာမှာ ရုရှားရဲ့ စစ်ရေးအင်အားကို ပိုင်ပိုင်နိုင်နိုင် ဖျက်ဆီးနေကြောင်းလည်း ဆိုပါတယ်။
ရုရှားတွေဟာ မြောက်ကိုရီးယားစစ်သားတွေ အပါအဝင် သူတို့ရဲ့ အင်အားအတောင့်ဆုံး တပ်ဖွဲ့တွေကို ကာ့စ်ခ်ဒေသမှာ တပ်ဖြန့်ထားတာလို့ သမ္မတ ဇလန်းစကီးက ဆိုပါတယ်။
ယူကရိန်းအရှေ့ပိုင်းရှိ အဓိကကျတဲ့ နေရာတွေမှာ ရုရှားတပ်ဖွဲ့တွေ တပ်မစွဲနိုင်အောင် တားဆီးခဲ့ကြောင်းလည်း ဆိုပါတယ်။
ကျူးကျော်သိမ်းပိုက်သူ ရုရှားဟာ အခုဆို သူ့ရဲ့အင်အားစုအားလုံးကို အထူးသဖြင့် ဒွန်နက်စ်ခ်ဒေသ၊ ဆူမီနဲ့ ခါကိဗ် သို့မဟုတ် ဇာပိုရစ်ချ်ဇီယာ အထိ တခြားနေရာတွေကို ညွှန်ကြားကွပ်ကဲနိုင်ခြင်း မရှိတော့တာကလည်း အရေးကြီးတဲ့ကိစ္စ ဖြစ်တယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီးက ပြောသွားပါတယ်။
Source : Reuters