ရုရှားနိုင်ငံ ကာ့စ်ခ်ဒေသမှာ မြောက်ကိုရီးယား စစ်သား ၂ ဦးကို ယူကရိန်းက ဖမ်းမိခဲ့တယ်လို့ ယူကရိန်း သမ္မတ ဇလန်းစကီးက ဒီဇင်ဘာ ၁၁ ရက်မှာ ပြောပါတယ်။
ယူကရိန်းက ပြီးခဲ့တဲ့ ဆောင်းဦးရာသီမှာ မြောက်ကိုးရီးယား စစ်သားတွေကို အရှင်လတ်လတ် ဖမ်းမိတယ်လို့ ကြေညာခဲ့တာပါ။
အောက်တိုဘာလမှာ မြောက်ကိုရီးယား ပုံမှန်တပ်ဖွဲ့ဝင်တွေဟာ ယူကရိန်း-ရုရှားစစ်ပွဲမှာ ရုရှားဘက်ခြမ်းကနေ စစ်တိုက်ခဲ့ပြီး စစ်သည်အရေအတွက် ၁၀,၀၀၀ ဒါမှမဟုတ် တသောင်းထက် ပိုတယ်လို့ ယူကရိန်းအစိုးရနဲ့ အနောက်မဟာမိတ်တွေက ကနဦး ခန့်မှန်း ပြောဆိုခဲ့ပါတယ်။
ယူကရိန်း လုံခြုံရေးဌာန (SBU) က ဖမ်းထားတဲ့ အမျိုးသားနှစ်ဦး ရဲ့ဗီဒီယိုကို လွှင့်တင် ပြသခဲ့ပါတယ်။
ဗီဒီယိုရိုက်ကူးတဲ့ တည်နေရာ၊ ရက်စွဲ စစ်မှန်ကြောင်းနဲ့ မြင်တွေ့ရသူတွေနဲ့ ဆက်နွယ်မှုကို သီးခြား အတည်မပြုနိုင်သေးပါဘူး။
SBU ဗီဒီယိုထဲမှာ အမည်မဖော်ဘဲ မျက်နှာကို မှုန်ဝါးထားတဲ့ ဆရာဝန် တဦးကို မေးမြန်းထားရာမှာ စစ်သား တဦးရဲ့ မျက်နှာမှာ ဒဏ်ရာရှိပြီး သွားဆရာဝန်က ကုသပေးမယ်၊ စစ်သား နောက် တယောက်က အရေပြား ပွင့်နေတဲ့ဒဏ်ရာရ ထားပြီး ခြေထောက်အောက်ပိုင်း ကျိုးသွား တယ်လို့ ဖြေထားပါတယ်။
မြောက်ကိုရီးယားနိုင်ငံသားတွေကို စစ်မေးဖို့ ကိယက်ဗ်မြို့တော်ဆီ လွှဲပြောင်းထားပြီး ယူကရိန်း၊ ရုရှားနဲ့ အင်္ဂလိပ်စကား မပြောနိုင်လို့ သူတို့အတွက် မေးခွန်းတွေကို တောင်ကိုရီးယား ထောက်လှမ်းရေးအေဂျင်စီ NIS ရဲ့ အကူအညီနဲ့ ကိုရီးယားဘာသာကို ပြန်ဆိုထားတယ်လို့ SBU က ပြောပါတယ်။
စစ်သား တဦးကို တခြားလူရဲ့ နာမည်နဲ့ ရုရှားနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ ရုရှားစစ်တပ် စာရွက်စာတမ်း တခုနဲ့ အတူ ဖမ်းဆီးရမိခဲ့ပြီး ကျန် တဦးကတော့ စာရွက်စာတမ်း မရှိဘူးလို့ SBU က ပြောပါတယ်။
မြောက်ကိုရီးယား စစ်သားတွေဟာ ၂၀၀၅ ခုနှစ်နှင့် ၁၉၉၉ ခုနှစ်တို့မှာ မွေးဖွားခဲ့သူတွေ ဖြစ်တယ်။
၂၀၂၁ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ်က စပြီး မြောက်ကိုရီးယား လက်နက်ကိုင်တပ်ဖွဲ့မှာ တာဝန်ထမ်း ဆောင်ခဲ့ကြတယ်လို့ SBU က ပြောပါတယ်။
အကျဉ်းသား ၂ ဦးကို နိုင်ငံတကာဥပဒေနဲ့အညီ ချုပ်နှောင်ထားပြီး သူတို့ဟာ ယူကရိန်းနိုင်ငံရဲ့ ဥပဒေကို ချိုးဖောက်ခြင်း ရှိ၊ မရှိနဲ့ စစ်ပွဲကို စီစဉ်ပါဝင် တိုက်ခိုက်မှု ရှိမရှိ ရာဇဝတ်ကြောင်းအရ စစ်ဆေးနေပြီလို့ SBU က ပြောခဲ့ပါတယ်။
Source-Reuters