ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ထဲက နောင်ထောဝ်ကျေးရွာကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၁၄ ရက်က ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ဇန်နဝါရီ ၁၅ ရက်မှာ ထုတ်ပြန်ပါတယ်။
ဇန်နဝါရီ ၁၄ ရက် ညနေ ၃ နာရီက စစ်ကောင်စီတပ်ရဲ့ ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် နောင်ထောဝ်ရဲစခန်းနဲ့ ကျေးရွာဓမ္မာရုံတို့ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
PNLA တာဝန်ရှိသူက “မနေ့က ညနေ ၃ နာရီလောက်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာတစီးနဲ့ ၄ ကြိမ် လာကြဲသွားတာပေါ့နော်။ အဲဒီမှာ နောင်ထောဝ်မှာရှိတဲ့ ရဲစခန်းနဲ့ ကျေးရွာဓမ္မာရုံ ပျက်စီးသွားပါတယ်။ ဒါတွေက ဘာကိုပြနေလဲဆိုရင် စစ်ကောင်စီက တမင်သက်သက် ရည်ရွယ်ချက်ရှိရှိ စစ်ရာဇဝတ်မှုကို ကျူးလွန်နေတဲ့ပုံစံပဲ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
ဇန်နဝါရီ ၁၂ ရက်ကလည်း စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်က ထီစုံကျေးရွာထဲကို စစ်ကြောင်းထိုးလာတာကြောင့် ထိတွေ့မှုဖြစ်ပွားကာ စစ်ကောင်စီတပ်ဘက်က စစ်ကြောင်းမှူး အပါအဝင် အယောက် ၂၀ ကျော် သေဆုံးခဲ့ကာ PNLA က ရဲဘော် ၅ ယောက်လည်း PNO ရဲ့ ဖမ်းဆီးသတ်ဖြတ်တာကို ခံလိုက်ရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်၊ PNO ပြည်သူ့စစ်နဲ့ PNLA တို့ကြား ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်ကစပြီး ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေကာ စစ်ကောင်စီတပ်က ကျေးရွာတွေထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေအပြင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကိုလည်း ဆက်တိုက်ပြုလုပ်နေတယ်လို့ သိရပါတယ်။