Home
ဆောင်းပါး
အမိကို မတဘဲ ခလုတ်ကိုတကြသူများနဲ့ စစ်ကို ခေါ်သော်လည်း စစ်မလာရဲတော့ပြီ
DVB
·
January 19, 2025

မြန်မာစကားမှာ ခလုတ်ထိမှ အမိတ ဆိုတဲ့ အသုံးအနှုန်းတခု ရှိပါတယ်။ လူတွေဟာ သွားရင်း လာရင်း လမ်းမှာ ခလုတ်တိုက်မိလို့ ချော်လဲတဲ့အခါ အလိုအလျောက် ပါးစပ်က “အမေ့” လို့ ခေါ်မိတတ်ကြပါတယ်။ ဒါကို ဒုက္ခတခုခု တွေ့ရတဲ့အခါမှာ လူသားတွေဟာ မိမိငယ်စဉ်ကတည်းက အားကိုးအားထားရာ မိခင်ကို တမ်းတမိတဲ့သဘာမျိုးမှာ သုံးစွဲလေ့ရှိပါတယ်။

ဒါပေမဲ့ ဒီကနေ့ မြန်မာနိုင်ငံမှာ စစ်အခွင့်ထူးခံ အသိုက်အဝန်းတွေနဲ့ စစ်‌တပ်လိုလားတဲ့ လော်ဘီတွေ ဒုက္ခရောက်နေချိန် အားကိုးရာမဲ့လာတဲ့အချိန် တမ်းတကြတာကတော့ အမိကို မတဘဲ ခလုတ်ကို တနေကြတာကို အားလုံးသတိထားမိကြပါတယ်။ ဒါဟာ စစ်ဓားပြဂိုဏ်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မဲလုံးက အင်တာဗျူးတခုမှာ မိမိတို့ဘက်မှ ခလုတ်တချက်နှိပ်ရုံနဲ့ လက်နက်ကိုင် ဆန့်ကျင်သူတွေကို ရှင်းလင်းနိုင်တဲ့သဘော ပြောခဲ့လို့ ဖြစ်ပါလိမ့်မယ်။

ဒါကြောင့်မို့လို့ပဲ တပ်မတော်အမည်ခံ စစ်ရာဇဝတ်ဂိုဏ်းဟာ တိုက်တိုင်းရှုံးလို့ နယ်မြေတွေ၊ စစ်တိုင်းဌာနချုပ်ကြီးတွေ၊ စစ်စခန်းမျိုးစုံ လက်လွှတ်ဆုံးရှုံးလာတဲ့အခါ စစ်အသိုက်အဝန်းတွေနဲ့ စစ်‌တပ်လိုလားတဲ့ လော်ဘီတွေက ဗိုလ်ချုပ်ဇော်မဲလုံး ပြောတဲ့ ခလုတ်ကို တမ်းတပြီး ခလုတ်ဘယ်မှာလဲလို့ တတွတ်တွတ် မေးမြန်းတမ်းတနေကြတာပဲ ဖြစ်ပါတယ်။

တကယ်တော့ မြန်မာစစ်ဓားပြဂိုဏ်းလို အကျင့်ပျက်ခြစား အောက်တန်းစား လက်နက်ကိုင်တပ်မှာရှိတဲ့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဂျက်တိုက်လေယာဉ်တွေ၊ မစ်ဇိုင်းဒုံးတွေ၊ လက်နက်တွေ ခလုတ်တွေထက် ပိုမိုဆန်းပြား ကြောက်မက်ဖွယ်ကောင်းတဲ့ လက်နက်တွေ၊ ခလုတ်တွေ ပိုင်ဆိုင်တဲ့ အမေရိကန်ပြည်ထောင်စုလို မဟာအင်အားကြီးနိုင်ငံတောင်မှ ဗီယက်နမ်စစ်ပွဲမှာ ခလုတ်တွေ အများကြီးနှိပ်၊ ၄ ဒသမ ၆ သန်း တန်ချိန်ရှိတဲ့ ဗုံးတွေကြဲချပြီး တိုက်ခိုက်ခဲ့ပေမဲ့ နောက်ဆုံးတော့ စစ်ရှုံးလို့ တပ်ခေါက်ပြန်ပြေးကြရတာဟာ သိပ်မဝေးလှတဲ့သမိုင်းမှာ လတ်လတ်ဆတ်ဆတ်ကြီး ရှိပါသေးတယ်။

၁၉၅၄ ခုနှစ်ကနေ ၁၉၇၅ အထိ ကြာမြင့်ခဲ့တဲ့ မြောက်ဗီယက်နမ်နဲ့ တောင်ဗီယက်နမ်တို့အကြား ဖြစ်တဲ့ စစ်ပွဲအတွင်းမှာ အမေရိကန်နိုင်ငံဟာ တောင်ဗီယက်နမ်တွေဘက်မှာ ကူတိုက်ပေးရင်း သမ္မတဂျွန်ဆင် အစိုးရဟာ The Operation Rolling Thunder bombing campaign အမည်သုံးပြီး ၁၉၆၅ ခုနှစ် မတ်လ ၂ ရက်ကနေ ၁၉၆၈ ခုနှစ် အောက်တိုဘာလ ၃၁ ရက်အထိ ၃ နှစ်ကျော်အောင် ဗုံးတွေကြဲ၊ ခလုတ်တွေနှိပ်ခဲ့သလို ဂျွန်ဆင်နောက်က သမ္မတ နစ်ဆင် လက်ထက်မှာလည်း Operation Linebacker အမည်နဲ့ ၁၉၇၂ ခုနှစ်ကနေ အမေရိကန်တပ်တွေ ဗီယက်နမ်က ပြန်ရုပ်သိမ်းရတဲ့ ၁၉၇၃ ခုနှစ်အထိ ခလုတ်တွေနှိပ်၊ ဗုံးတွေကြဲခဲ့ပေမဲ့ ဗီယက်နမ်ပြည်သူ အများစုရဲ့ဆန္ဒကို ဆန့်ကျင်ခဲ့တာမို့ စစ်ရှုံးခဲ့ကြရပါတယ်။

ဒီနေရာမှာ ကြားဖြတ်ပြီး အမှန်တရားလည်းဖြစ် ခေတ်ကာလနဲ့လည်း ကိုက်ညီပြီး အလွန်မှတ်သားထိုက်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစာကြည်ရဲ့ အောက်ပါအဆိုအမိန့်ကို ထည့်သွင်းရေးသား သတိပေးချင်ပါတယ်။

“ငွေ အင်အားနဲ့ အာဏာ အင်အားထက်

ကျမတို့ အကျင့်သီလ အားနဲ့

ညီ ညွတ် မှု အင် အား ဟာ

အ များကြီး သာ တယ် ဆို တာ

စွဲ စွဲ မြဲ မြဲ ကြီးမှတ် ထား ပါ လို့

ကျ မ မေတ္တာ ရပ်ခံ ပါ ရ စေ” .....

လက်နက်နဲ့ အာဏာ၊ ဓနဥစ္စာကိုသာ အင်အားလို့ တရားသေ စွဲမှတ်ယူခဲ့ကြသူတွေဟာ ပြည်သူလူထုရဲ့ ညီညွတ်မှုအင်အား၊ ကိုယ်ကျင့်သီလ ကောင်းမြတ်မှုအားကို လျှော့ပေါ့ တွက်ချက်ခဲ့ကြပါတယ်။ တကယ်တော့ အကျင့်သီလကောင်းပြီး မှန်ကန်ရဲရင့်သူတွေ ဦးဆောင်တဲ့ လူထုရဲ့ ညီညွတ်မှု မဟာအင်အားထက် ကြီးကျယ်သာလွန်တဲ့ အရာဆိုတာ လူသားတွေကြားမှာ မရှိတော့ပါဘူး။

ဒီကနေ့ မျက်မှောက်ကာလဟာ အာဏာလု စစ်ဓားပြဂိုဏ်းကို နောက်ဘဝအထိတောင် မစောင့်ဘဲ သူတို့ပြုခဲ့တဲ့ အကုသိုလ် မကောင်းမှုတွေရဲ့ အကျိုးတရား ဧရာမဝဋ် အကြီးကြီး လိုက်လို့နေတဲ့အချိန် ဖြစ်ပါတယ်။ လက်နက်မဲ့ ပြည်သူတွေကို မောင်းပြန်သေနတ်တွေနဲ့ ချိန်ရွယ်ပြီး သေရဲတဲ့ကောင် ထွက်ခဲ့လို့ လက်နက်အားကိုး ခြိမ်းခြောက်ခဲ့ကြတဲ့ စစ်အခွင့်ထူးခံ အမိုက်အမဲတွေဟာ အခုတော့ သေရဲတဲ့ကောင် စခန်းထဲက ထွက်ခဲ့၊ ကတုတ်ကျင်းထဲက ထွက်ခဲ့၊ သတ္တိရှိရင် အပြင်ထွက်ခဲ့လို့ တိုင်းရင်းသားလက်နက်ကိုင် EROs တွေ၊ PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ စိမ်ခေါ်မှုကို ကြောက်ရွံ့တုန်လှုပ်စွာ ခေါင်းငုံ့ ဇက်ပု၊ အသက်လုနေရပြီ ဖြစ်ပါတယ်။

“စစ်ကိုခေါ်ရင် စစ်လာလိမ့်မယ်”၊ “စစ်တပ်ဟာ အချိန်တန်ရင် ရွှေဘက ရွှေဘပါပဲ” လို့ ဉာဏ်ရည်အလွန်နိမ့်ပြီး ဆင်ခြင်တုံတရား သုညနီးပါးသာရှိကြတဲ့ စစ်လော်ဘီတွေဟာ သူတို့အထင်ကြီးတဲ့ စတန်းဒတ်အာမီရဲ့ ခေတ်မီဆန်းပြားတဲ့ လက်နက်တွေသာကြည့်တတ်ပြီး အတွင်းမှာ နှစ်ပေါင်းများစွာ လောက်ထိုးပုပ်သိုးနေတဲ့ အကျင့်စာရိတ္တဆိုးတွေ အမြစ်တွယ် လှိုက်စား ပြိုကျ‌နေတာကို နားမလည်နိုင်ခဲ့ မသိမမြင်ခဲ့ကြပါဘူး။

လက်ရှိအချိန်မှာတော့ မီးဇာကုန် ဆီခန်းနေတဲ့ စစ်ဓားပြဂိုဏ်းရဲ့ စစ်သားရဲတွင်း ဗဟိုဖြစ်တဲ့ မြန်မာပြည်အလယ်ပိုင်းကို သိမ်းပိုက်ဖို့ တိုင်းရင်းသား တော်လှန်‌ရေးလက်နက်ကိုင်အဖွဲ့တွေ၊ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ဖွဲ့တွေရဲ့ မဟာဗျူဟာမြောက် စုပေါင်းညှိနှိုင်းစစ်ဆင်လာကြတဲ့ ထိုးစစ်ကြီးတွေဟာ လှိုင်းလုံးကြီးတွေပမာ တပြိုင်နက် အရပ်ရှစ်မျက်နှာကနေ ချဉ်းကပ်လာနေပြီ ဖြစ်ပါတယ်။

AA အာရက္ခတပ်တော်နဲ့ ချင်းတော်လှန်ရေးတပ်တွေဟာ နိုင်ငံအနောက်ပိုင်းကနေ အခုဆို ဧရာဝတီမြစ် အနောက်ဘက်ကမ်းက မကွေးတိုင်း၊ ပဲခူးတိုင်းက ကပစ စစ်ပစ္စည်းစက်ရုံတွေအနားနဲ့ ဧရာဝတီတိုင်းထဲက ငါးသိုင်း‌ချောင်း၊ သာပေါင်းမြို့နယ်ထဲအထိ ဝင်ရောက်လာနေသလို နိုင်ငံ့ဦး‌ခေါင်း မြောက်ပိုင်းကနေ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ PDF တပ်ဖွဲ့တွေဟာ ဗန်းမော်၊ မန်စီမြို့တွေအထိ စစ်ကိုင်းတိုင်းနဲ့ ရှမ်းမြောက်အစပ်ထိ ထိုးဆင်းလာနေပါပြီ။

စစ်ဓားပြဂိုဏ်းရဲ့ မီးရှို့ဗုံးကြဲမှုဒဏ် အခံရဆုံးထဲက မြန်မာနိုင်ငံ အလယ်ပိုင်းက စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းတို့ ပါဝင်တဲ့ အညာဒေသမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေဟာ တမူး၊ ကလေး၊ တကောင်းမြို့၊ ပယ်လယ်ဘူးမြို့တွေကို သိမ်းပိုက်ထားကြသလို ထီးချိုင့်၊ ဝက်လက်မြို့နယ်၊ ဘုတလင်မြို့နယ်တို့မှာ အောင်ပွဲတွေ ရနေကြပါပြီ။

ဗမာလူမျိုးအများစုနေထိုင်ရာ အညာဒေသမှာ အခြေချပြီး ပါဝင်အားဖြည့်ကြမယ့် အဖွဲ့တွေထဲမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY PDF) အနေနဲ့ လာမယ့် ၂၀၂၅ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းထဲမှာ တပ်မဟာအသစ်တခု ဖွဲ့ခဲ့ပြီးသလို ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA နဲ့ ကျောင်းသားလက်ရုံးတပ်မတော် (SAF) တို့လည်း ပါဝင်ကြပါတယ်။

TNLA နဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး-PDF တပ်ဖွဲ့တွေဟာ မိုးကုတ်၊ သပိတ်ကျဉ်း၊ စဉ့်ကူးမြို့တို့ကို သိမ်းနိုင် ထိန်းနိုင်ရုံမက မန္တလေးမြို့အနီး မိုင်အနည်းငယ်အကွာမှာရှိတဲ့ ပုသိမ်ကြီးမြို့နယ်ထဲကို ဝင်ရောက်လာနိုင်သလို နိုင်ငံအရှေ့ပိုင်းက ရှမ်းပြည်မြောက်ပိုင်းမှာ MNDAA ကိုးကန့်တပ်မတော်နဲ့ TNLA တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့က သိမ်းပိုက် ထိန်းချုပ်ထားကြတာမို့ အချိန်မရွေး မန္တလေးဘက်ကို ထိုးစစ်ဆင်လာနိုင်ပါတယ်။

နိုင်ငံရဲ့ အ‌ရှေ့ခြမ်းကနေ နေပြည်တော်နဲ့ ကပ်ရက်က ရှမ်းပြည်တောင်ပိုင်းမှာဆိုရင် အင်းလေး PDF အဖွဲ့၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA)၊ ကယားပြည်နယ်မှာ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF) နဲ့ မြန်မာနိုင်ငံရဲ့ အရှေ့တောင်ပိုင်းမှာဆို ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်မှာ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊  ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့ဟာ မြဝတီ၊ ကော့ကရိတ် အာရှလမ်းမကြီးကို စိုးမိုးထားပြီး ထိုးစစ်ဆင်လို့ အောင်ပွဲတွေ ရနေပါပြီ။

မကွေးတိုင်းနဲ့ ပဲခူးတိုင်းအတွင်းမှာဆို စစ်တောင်းမြစ် အရှေ့ခြမ်းသာမက အနောက်ခြမ်းနဲ့ ပဲခူးရိုးမဘက်အထိ ERO တွေနဲ့ PDF တပ်ဖွဲ့တွေ ရောက်ရှိလာပါပြီ။ နတ်မောက်၊ မင်းဘူး၊ စလင်း၊ စေတုတ္တရာ၊ ကျောက်ကြီး၊ ညောင်လေးပင်၊ ရေတာရှည်၊ သာယာဝတီ၊ နတ္တလင်း၊ ပေါက်ခေါင်း၊ ဇေယျဝတီ၊ ဖြူးနဲ့ အုတ်တွင်းမြို့နယ်တွေအထိ အောင်ပွဲတွေခံလာကြပါပြီ။

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် အင်အားကြီးသူက အနိုင်ရစတမ်း၊ လက်နက်သာသူက အနိုင်ယူစတမ်းလို့ မှားယွင်းစွာ မှတ်ယူထားကြတဲ့ စစ်အခွင့်ထူးခံတ‌သိုက်နဲ့ စစ်လော်ဘီ လူမိုက် လူ့အန္ဓတွေဟာ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ခေတ်မီဆန်းပြားတဲ့ လက်နက်တွေ၊ ခလုတ်တွေ ဘယ်လောက်ရှိရှိ ပြည်သူအများစု မထောက်ခံရင် စစ်ရှုံးရမယ်ဆိုတဲ့ အမှန်တရားကို အခုချိန်ထိ လက်ခံနိုင်တဲ့ နှလုံးသားရော ဆင်ခြင်တုံတရား အသိဉာဏ်ရော မရှိကြသေးတော့ အသက်ဘဝလုံခြုံမှု မရှိတော့ဘဲ ခလုတ်တိုက် လဲကျသလို ဒုက္ခအကြီးအကျယ်ကြုံလာပေမဲ့ အမိကို မတဘဲ ဘာမှန်းမသိတဲ့ ခလုတ်ကိုသာ တမ်းတ‌နေကြပါတယ်။

အချိန်မီ အမြင်မှန်မရဘဲ မုသားစစ်ပြန်ဝန်ရဲ့ ခလုတ်ကိုသာ အားကိုးရာလို့ ဆက်မျှော်လင့်နေရင်တော့ ယတြာလည်းမကယ်နိုင်၊ နတ်ဘုရားတွေလည်း မကယ်နိုင်တော့တဲ့ စစ်ရာဇဝတ်ဂိုဏ်းဆိုတဲ့ ပြည်သူ့ကျိန်စာသင့် အဆိပ်ပင်အိုကြီးဟာ စစ်ကိုခေါ်သော်လည်း စစ်မလာရဲတော့တာမို့ နွေဦးတော်လှန်ရေး အင်အားစုတွေရဲ့ အရပ်ရှစ်မျက်နှာက ထိုးစစ်ကြီးတွေဟာ လှိုင်းလုံးကြီးတွေရဲ့ ရိုက်ပုတ်ဖြိုလှဲမှုကို ခံရတဲ့အချိန်မှာ ကပ်ပါးမျောက်တွေပမာ ရပ်တည်ရာမဲ့ ဘုံပျောက်ဘဝသုဉ်း အကျည်းတန်တဲ့ နိဂုံးတွေနဲ့ ကြုံကြရမှာဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024