ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံနဲ့ ညောင်ရွှေမြို့နယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ စစ်ဘေးရှောင်ပြည်သူ ၃ ယောက် သေဆုံး၊ ၁၇ ယောက် ဒဏ်ရာရပြီး မပေါက်ကွဲတဲ့ လက်နက်ကြီးဗုံးဆန်ကိုတော့ ပြည်သူ့ကာကွယ်ရေးတပ်က ရှင်းလင်းခဲ့ပါတယ်။
ဇန်နဝါရီ ၁၈ ရက်နေ့ ညနေ ၆ နာရီကျော်မှာ ဖယ်ခုံမြို့နယ်အရှေ့ဘက်ခြမ်းကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ ငါးရောင်းတန်းအနီးမှာ တလုံး၊ ဘောလုံးကွင်းနားမှာ တလုံး၊ ဘုရားပေါ်မှာ တလုံး၊ နမ့်ပေါ်လုံနဲ့ လွယ်ပေါရွာကြားမှာ တလုံး ကျရောက်ပေါက်ကွဲပြီး စစ်ဘေးရှောင်အမျိုးသမီး ၄ ယောက် ထိခိုက်ဒဏ်ရာရခဲ့တာပါ။
စစ်ဘေးရှောင်အမျိုးသားတယောက်က “အရင်ရက်တွေကလည်း လက်နက်ကြီးတွေပစ်ကြတယ်။ ဒီနေ့လည်းပစ်တာ ထိကြတယ်။ လွယ်ပေါဘက်မှာတွေရော” လို့ ပြောပါတယ်။
ထိခိုက်မိတဲ့ စစ်ဘေးရှောင်အမျိုးသမီးတွေရဲ့ အသက်အန္တရာယ်ထိခိုက်မှုရှိ မရှိနဲ့ နေအိမ်ပျက်စီးတာ ရှိ၊ မရှိကိုတော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီကျော်မှာလည်း ညောင်ရွှေမြို့နယ်ထဲက ရေပူရွာနဲ့ ဘုရားတောင်ကျေးရွာထဲကို စစ်ကောင်စီရဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ စစ်ဘေးရှောင်ပြည်သူ ၃ ယောက်သေဆုံး၊ ၁၄ ယောက် ဒဏ်ရာရပြီး မပေါက်ကွဲတဲ့လက်နက်ကြီးတွေလည်း ရှိတယ်လို့ သိရပါတယ်။
မပေါက်ကွဲသေးတဲ့ ၁၂၀ မမ လက်နက်ကြီး ဗုံးသီးကို အမှတ် ၁၀၀၉ တပ်ရင်း အင်းလေး ပြည်သူ့ကာကွယ်ရေးတပ်က ရဲဘော်တွေက တူးယူဖယ်ရှားပေးခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်က ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီပြည်နယ်ထဲကို ၂၀၂၅ နှစ်အစကနေ ခုလက်ရှိအချိန်အထိ ၂ ပတ်ကျော်အတွင်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးကြဲတာတွေကြောင့် ပြည်သူ ၈ ယောက် သေဆုံးပြီး အယောက် ၂၀ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြေပြင်သတင်းတွေအရ သိရပါတယ်။