ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်မှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့လို့ ၆ ယောက် သေဆုံးကာ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ အုတ်တွင်းမြို့နယ် ပကဖ က ဇန်နဝါရီ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။
အုတ်တွင်းမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံတယောက်က “အုတ်တွင်းမြို့နယ်ထဲက အုန်းပင်အုပ်စုထဲက အုန်းပင်ရွာကနေ သံတိုင်ခင်ဘက်ကို ပေါ်တာဆွဲဖို့ ဆိုင်ကယ်တွေနဲ့ ကင်းလှည့်လာနေကြတာကို သံတိုင်ခင်ရွာနားအရောက်မှာ ကြားဖြတ်ပြီး တိုက်ခိုက်ခဲ့တာပါဗျ” လို့ ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို ဇန်နဝါရီ ၁၈ ရက် ည ၈ နာရီခွဲလောက်က ပြုလုပ်ခဲ့တာဖြစ်ပြီး စစ်တပ်အရာရှိ တယောက် အပါအဝင် ၆ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အုတ်တွင်းမြို့နယ် ပကဖ တာဝန်ခံ ကိုခေါင်ရမ်းက “ကျနော်တို့ဘက်က သတင်းရလို့ ကြိုစောင့်နေခဲ့ကြတာပါ။ သူတို့ဘက်က ၆ ယောက် သေတယ်။ တပ်အရာရှိတယောက် အပါအဝင် ၃ ယောက်၊ ရဲ ၂ ယောက်နဲ့ အဲဒီရွာတွေဘက်က အုပ်ချုပ်ရေးအဖွဲ့ဝင် တယောက်ကတော့ ပွဲချင်းပြီးသေတယ်။ ဆိုင်ကယ်တစီးက မောင်းပြေးသွားတယ်။ အခုဖြစ်တဲ့နေရာက ရန်ကုန်-မန္တလေးလမ်းဟောင်းနားမှာ ဆိုတော့လည်း သူတို့ဘက်က စစ်ကူ ရောက်လာမှာ စိုးရိမ်ရလို့ လက်နက်တွေလောက်ပဲ ကောက်ခဲ့တယ်။ ဆိုင်ကယ်တွေ ယူမလာဖြစ်လိုက်ဘူး” လို့ DVB ကို ပြောပါတယ်။
တိုက်ခိုက်မှုအတွင်းကနေ MA3 သေနတ်တလက်၊ MA1 သေနတ်တလက်၊ G3 သေနတ် ၂ လက်၊ အူဇီသေနတ်တလက်၊ MA ကျည်ဘောက် ၅ ခု၊ G3 ကျည်ဘောက် ၄ ခု၊ အူဇီကျည်ဘောက်တခု၊ လက်ပစ်ဗုံးတလုံးနဲ့ ဓားမြှောင် ၂ ချောင်းတို့ကို သိမ်းဆည်းရရှိခဲ့ပါတယ်။
အဆိုပါတိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းတစုံတရာ ထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။
ပဲခူးတိုင်း အုတ်တွင်းမြို့နယ်နဲ့ ဖြူးမြို့နယ်တွေထဲမှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၆ ရက်ကနေ ၃၁ ရက်အထိ စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေရဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ကျော် သေဆုံးခဲ့ကြသလို တော်လှန်ရေးတပ်ပေါင်းစုတွေဘက်ကလည်း ရဲဘော်တယောက် ကျဆုံးခဲ့ရတယ်လို့ အုတ်တွင်း ပကဖ ဆီကနေ သိရပါတယ်။