မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ထဲက စစ်ကောင်စီရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ)ကို ဇန်နဝါရီ ၁၈ ရက် ညနေ ၄ နာရီခွဲလောက်မှာ ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM)အဖွဲ့က ထုတ်ပြန်ပါတယ်။
အဲဒီ ကပစဟာ စစ်လေယာဉ်သုံး ပေါင် ၂၅၀၊ ပေါင် ၅၀၀ ဗုံးသီးတွေ၊ Cluster ဗုံးသီးတွေကို ထုတ်လုပ်နေတဲ့ စက်ရုံတွေထဲက တခုဖြစ်တဲ့အပြင် အရေးပါတဲ့ အကြီးစားစစ်ရေးပစ်မှတ်ဖြစ်လို့ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
တိုက်ခိုက်မှုအတွင်း ကပစဝန်းထဲ ထိခိုက်မှုအကြီးအကျယ်ရှိခဲ့တယ်လို့ အတွင်းသတင်းရသိရပြီး နောက်ဆက်တွဲ ထိခိုက်ပျက်စီး သေဆုံးမှုအခြေအနေကို BWM ပူးပေါင်းအဖွဲ့က ကြေညာသွားမယ်လို့ ဆိုပါတယ်။
BWM သတင်းပြန်ကြားတာဝန်ရှိသူက “ပစ်ခတ်ရာမှာတော့ လုံခြုံရေးတင်းကျပ်နေမှု အခြေအနေအပါအဝင် အခက်အခဲမျိုးစုံတော့ ရှိပါတယ်။ လုံခြုံရေးအရ အသေးစိတ် မပြောလိုတော့ပါဘူး။ ကျနော်တို့ဘက်က ပစ်ပြီးပြီးချင်း စကစဘက်က လက်နက်ကြီးတွေနဲ့ တရစပ် ရမ်းသန်းပြီးပြန်ပစ်ပါတယ်၊ ဘယ်နှချက်မှန်းတောင် မရေတွက်နိုင်ခဲ့ပါဘူး၊ ဒါပေမဲ့ ရဲဘော်အားလုံး ဘေးကင်းလုံခြုံတဲ့နေရာတွေဆီ ပြန်ရောက်ခဲ့ပါပြီ။ မကွေးမှာ တိုင်းထဲမှာတော့ ကပစတွေက ၂၀ ကျော် ရှိတယ်လို့သိရပါတယ်။ ကျနော်တို့ BWM အနေနဲ့ အချို့သော စကစ အလိုကျ မလိုမုန်းထား ဝေဖန်တိုက်ခိုက်မှုအချို့တွေ ရှိနေပေမဲ့ တော်လှန်ရေးအတွက် လုပ်စရာရှိတဲ့ အလုပ်တွေကို မယိမ်းမယိုင် ဆက်လုပ်နေတယ်ဆိုတာ ပြောချင်ပါတယ်” လို့ ပြောပါတယ်။
ဒီတိုက်ခိုက်မှုမှာတော့ Brave Warriors for Myanmar (BWM) အဖွဲ့ရဲ့ ဦးဆောင်နဲ့အတူ Eagle Brigade (ANyar Eagle) အဖွဲ့၊ No More Dictatorship-NMD အဖွဲ့၊ Shadow (Mandalay)အဖွဲ့နဲ့ ဒေသခံတော်လှန်ရေးရဲဘော်အင်အားစုတွေ ပူးပေါင်းပါဝင်ခဲ့ပါတယ်။
ရှေ့ဆက်ပြီးလည်း ထိရောက်တဲ့ တော်လှန်ရေးအရွေ့ ဖြစ်စေမယ့် အကြီးစား စစ်ရေးပစ်မှတ်တွေကို ရှာဖွေဖော်ထုတ် တိုက်ခိုက်သွားမယ်လို့ ပြည်သူကို အသိပေးထားပြီး စစ်ဆင်ရေးအတွင်းက မဟာမိတ်တွေကို ကျေးဇူးတင်တယ်လို့ ရေးသားဖော်ပြထားတာ တွေ့ရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက် ည ၇ နာရီလောက်ကလည်း ကရင်နီပြည်၊ လွိုင်ကော်မြို့မှာ ကယားပြည်နယ်နေ့အတွက် ဒုစစ်ခေါင်းဆောင် စိုးဝင်းရောက်ရှိနေချိန် Brave Warriors for Myanmar BWM ပူးပေါင်းအဖွဲ့က ရှော့တိုက်ဒုံး ၇ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
ဇန်နဝါရီ ၁၄ ရက် ည ၁၀ နာရီလောက်ကလည်း စစ်ကိုင်းတိုင်း၊ မုံရွာအခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် နမခထဲကို BWM ပူးပေါင်းအဖွဲ့က စစ်ဆင်ရေးအကြိမ် ၃၀ မြောက်အဖြစ် ရှော့တိုက်ဒုံး ၄ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီအဖွဲ့ဝင် ၆ ယောက်သေဆုံး၊ ၃ ယောက် ဒဏ်ရာရရှိပြီး ဒုတိုင်းမှူးအဆောင်နဲ့ ဦးစီးရုံး ပျက်စီးခဲ့ပါတယ်။