ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့ ဘောမိတိုက်ပွဲမှာ ဒဏ်ရာရရှိတဲ့ စစ်ကောင်စီ တပ်သားတွေကို ချောင်းသာကတဆင့် ပုသိမ်ကို သယ်ယူသွားပြီး ထွက်ပြေး စစ်သားတွေကိုလည်း စစ်ကောင်စီတပ်က လိုက်လံရှာဖွေနေတယ်လို့ ဒေသခံတွေနဲ့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဇန်နဝါရီ ၁၆ ရက်ကနေ ၁၈ ရက်အတွင်း အာရက္ခတပ်တော် (AA) နဲ့ မဟာမိတ်တပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် ဘောမိကျေးရွာမှာ ခံစစ်ပြင်ထားတဲ့ စစ်ကောင်စီတပ်ရဲ့ တပ်သားတွေ အများအပြား ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရတဲ့ စစ်သားတွေထဲက အယောက် ၆၀ ကျော်ကို စက်လှေတွေ အသုံးပြုပြီး ချောင်းသာကမ်းခြေကို သယ်ယူကာ ချောင်းသာကတဆင့် ပုသိမ် နတခ၊ မဆရ တပ်တွေထဲကို ကားတွေနဲ့ ခေါ်ဆောင်လာပြီး ထွက်ပြေးတဲ့ စစ်သားတွေကို စစ်ကောင်စီတပ်က လိုက်လံရှာဖွေဖမ်းဆီးနေတယ်လို့ သိရပါတယ်။
ရွှေသောင်ယံ ဒေသခံတယောက်က “စစ်ကောင်စီတပ်သားတချို့က တိုက်ပွဲကနေ ထွက်ပြေးလာပြီး အကူအညီလာတောင်းတာတွေ ရှိတယ်။ သူတို့က စစ်မှုထမ်း တပ်သားသစ်တွေပါ။ ဒီဘက်က တတ်နိုင်သရွေ့ ကူညီပေးတယ်။ သူတို့က ထွက်ပြေးတာ။ မနည်းဘူး။ ဒဏ်ရာရတဲ့သူတွေကို ခေါ် ပြန်သယ်သွားတာ တွေ့ရတယ်” လို့ ပြောပါတယ်။
အဲဒီ ထွက်ပြေးစစ်သားတွေကို စစ်ကောင်စီတပ်က ဗိုလ်ကြီးနဲ့ တပ်ရင်းမှူး ဆိုသူတို့က ချောင်းသာ၊ ငွေဆောင်၊ ရွှေသောင်ယံဒေသတွေမှာ အပူတပြင်း လိုက်လံရှာဖွေဖမ်းဆီးနေပြီး ဇန်နဝါရီ ၂၀ ရက်အထိ ပြန်လည်ဖမ်းမိသူ မရှိသေးဘူးလို့ ဆိုပါတယ်။
ပုသိမ်အခြေစိုက် စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “ဒဏ်ရာရ၊ သေဆုံး၊ ထွက်ပြေး တပ်သားတွေက မကျီးဇင် တိုက်ပွဲအပြီး ကမ်းခြေမှာ စစ်ကောင်စီ အကြီးအကဲရဲ့ လမ်းညွှန်ချက်နဲ့ တပ်ဖြန့်ချထားတဲ့ တပ်သားတွေပါ” လို့ ပြောပါတယ်။
ဘောမိတိုက်ပွဲအတွင်း အာရက္ခတပ်တော် (AA) နဲ့ မဟာမိတ်တပ်တွေက စစ်လက်နက်ပစ္စည်း အများအပြား သိမ်းယူရရှိထားတယ်လို့ သိရပြီး စစ်ကောင်စီတပ်က မကျီးဇင်၊ ဘောမိ တိုက်ပွဲတွေက တပ်ဆုတ်ခွာသွားတဲ့ တပ်သားတချို့နဲ့ ထပ်ဖြည့်တပ်သားတွေပေါင်းပြီး ရွှေသောင်ယံမှာရှိတဲ့ စစ်စခန်းမှာ ခံစစ်ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်က AA နဲ့ မဟာမိတ်တပ်ပေါင်းစုအဖွဲ့တွေရဲ့ ထိုးစစ်ကို ကြည်း၊ ရေ၊ လေ အင်အားသုံးပြီး လေကြောင်းပစ်ကူပေး တိုက်ခိုက်ဗုံးကြဲနေတာကြောင့် မကျီးဇင်၊ ဘောမိဒေသက အရပ်သား နေအိမ်အများအပြား မီးလောင်ပျက်စီးသွားသလို လူသေဆုံးတာတွေလည်း ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။