မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ ဇန်နဝါရီ ၁၉ ရက် ညနေ ၄ နာရီဝန်းကျင်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ အရှိုချင်းကာကွယ်ရေးတပ် (ACDF) တို့ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးခဲ့သလို လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
အရှိုချင်းကာကွယ်ရေးတပ် (ACDF) ရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က “အမ်း-ပဒါန်း လမ်းပိုင်းပေါ်က နေရာတခုမှာ ဖြစ်တာပါ။ သူတို့ဘက်က ၃ ယောက်သေတာကတော့ ကျနော်တို့ မျက်မြင်တွေ့ခဲ့ရသလို လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့ပါတယ်” လို့ ပြောပါတယ်။
တိုက်ပွဲအတွင်းကနေ MA1 သေနတ် ၃ လက်၊ ကျည်အိမ်တချို့နဲ့ ကျည်ဆန်တွေ သိမ်းဆည်းရရှိခဲ့ပြီး ACDF ရဲဘော်တွေကတော့ အထိအခိုက်မရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အရှိုချင်းကာကွယ်ရေးတပ် (ACDF) ရဲ့ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းခနီလေဗွေက “တိုက်ပွဲထဲမှာ အရှင်မိတဲ့သူ မပါတော့ သူတို့ ဘယ်နေရာကနေ စခန်းစွန့်ပြီး ထွက်ပြေးလာကြတာလဲ ဆိုတာတော့ မသိရဘူးပေါ့။ သူတို့အင်အား ၁၅ ယောက်လောက် လာတယ်ဆိုတာ သတင်းရလို့ ကျနော်တို့ဘက်က တပ်စိတ် ၂ စိတ်က ညှပ်တိုက်ခဲ့တာ၊ တိုက်ပွဲက ၁၅ မိနစ်လောက်ပဲ ကြာတယ်။ သူတို့ဘက်က ၃ ယောက်သေတယ်။ ၁၂ ယောက်ကတော့ ထွက်ပြေးသွားကြတယ်။ အဲဒီ ထွက်ပြေးသွားကြတဲ့ ၁၂ ယောက်ကို ဖမ်းမိနိုင်ဖို့လည်း နယ်မြေရှင်းလင်းရေးတွေ လုပ်နေကြတယ်” လို့ ပြောပါတယ်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စစ်ကောင်စီတပ်ရဲ့ တပ်မ ၉၉ လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖြစ်ပါတယ်။
ငဖဲမြို့နယ်ထဲမှာ ဇန်နဝါရီ ၁၃ ရက်နဲ့ ၁၄ ရက်နေ့တွေကလည်း ရခိုင်ပြည်နယ်၊ အမ်းမြို့တိုက်ပွဲတွေကနေ ထွက်ပြေးလာကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ အရှိုချင်းကာကွယ်ရေးတပ် (ACDF) တို့ ၂ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက် သေဆုံးကာ ၁၂ ယောက် အရှင်ဖမ်းမိပြီး လက်နက် ၁၆ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့ပါတယ်။