Home
မြန်မာသတင်း
တိုက်ပွဲရှောင် ပြည်သူများကို ထောက်ပံ့ပေးမည်ဟု စစ်ကောင်စီ ထုတ်ပြန်
DVB
·
January 21, 2025

မြို့ရွာတွေကို လေယာဉ်နဲ့ ဗုံးကြဲနေတဲ့ စစ်ကောင်စီက တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာနေကြရသူတွေကို လိုအပ်တဲ့ ထောက်ပံ့မှုတွေ စီစဉ်ပေးသွားမယ်လို့ ဇန်နဝါရီ ၂၀ ရက်က ထုတ်ပြန် ပါတယ်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ အကြမ်းဖက်ခြင်း၊ လက်နက်ကိုင်သောင်းကျန်းမှု ဖြစ်ပွားခြင်းတို့မှာလည်း သဘာဝဘေးအန္တရာယ်မှာ ပါဝင်တာကြောင့် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ရန်ပုံငွေကနေ လိုအပ်တဲ့ ထောက်ပံ့မှုတွေ ဆောင်ရွက်ပေးဖို့ စီစဉ်ရတာလို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ဘယ်ဒေသမှာရှိတဲ့ စစ်ဘေးရှောင်တွေကို ဘယ်အချိန်မှာ ဘယ်လို အကူအညီတွေ ပေးမယ်ဆိုတာကိုတော့ စစ်ကောင်စီ ကြေညာချက်မှာ အသေးစိတ်ဖော်ပြထားတာ မရှိပါဘူး။ 

ယာယီနေရပ်စွန့်ခွာနေကြရတဲ့ ပြည်သူတွေကို လိုအပ်တဲ့ ထောက်ပံ့မှုတွေ စီစဉ်ပေးဖို့အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအလိုက် စာရင်းကောက်ယူနေပြီး ဘုန်းကြီးကျောင်းလို ယာယီခိုလှုံရာစခန်းတွေမှာ ရောက်ရှိ ခိုလှုံနေကြရသူတွေအပြင် ဆွေမျိုးသားချင်းတွေရှိရာ ရပ်ကွက်၊ ကျေးရွာတွေ၊ ဝန်ထမ်းအိမ်ရာတွေ၊ မိမိအစီအစဉ်နဲ့ အိမ်ခန်းငှားရမ်းနေထိုင်သူတွေ၊ အခြားနည်းနဲ့ နေထိုင်သူတွေအားလုံး အကျုံးဝင်တယ်လို့ ဆိုပါတယ်။

မြို့ရွာတွေကို လေယာဉ်နဲ့ ဗုံးကြဲနေတဲ့ စစ်ကောင်စီဟာ ယာယီနေရပ်စွန့်ခွာနေကြရသူတွေ (တိုက်ပွဲရှောင်ပြည်သူတွေ) ဆိုတာမှာ လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူတွေက မြို့ရွာတွေမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်ဆောင်ကာ တရားမဲ့ နယ်မြေကျူးကျော်တာကြောင့် ယာယီနေရပ်စွန့်ခွာတာတွေအပြင် အကြမ်းဖက်သမား၊ အကြမ်းဖက်အုပ်စုတွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေ၊ အကြမ်းဖက် ခြိမ်းခြောက်မှုတွေကြောင့် လုံခြုံရေးအန္တရာယ် စိုးရိမ်ရလို့ ခေတ္တ နေရပ်စွန့်ခွာလာသူတွေလည်း ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မြန်မာနိုင်ငံတဝန်းမှာ စစ်ပွဲတွေနဲ့ စစ်ကောင်စီတပ်တွေရဲ့ လေကြောင်းတိုက်ခိုက်၊ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် သန်းနဲ့ ချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင်နေကြရတာဖြစ်ပါတယ်။ 

စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပွားခဲ့တဲ့ပဋိပက္ခတွေနဲ့ သဘောဝဘေးတွေရဲ့ အကျိုးဆက်အဖြစ် ၂၀၂၄ ခုနှစ်အကုန်မှာ မြန်မာပြည်တွင်း နေရပ်စွန့်ခွာထွက်ပြေးရတဲ့ ဒုက္ခသည်  ဦးရေ ၃ သန်းခွဲ ကျော်ရှိနေတယ်လို့ ကုလသမဂ္ဂအေဂျင်စီက  ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေဟာလည်း မကြုံဖူးတဲ့ အဆင့်ထိ မြင့်မားလာနေပြီး ၂၀၂၅ ခုနှစ်မှာ လူဦးရေ ၁၉ ဒသမ ၉ သန်းခန့် လိုအပ်ချက်ရှိမယ်၊ ၂၀၂၅ ခုနှစ်မှာ လူဦးရေ ၅ သန်းခွဲကို လူမှုဘ၀ရှင်သန်ရေး အကူအညီတွေ ပေးအပ်နိုင်ဖို့ ရည်မှန်းထားပြီး ကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံ လိုအပ်မယ်လို့လည်း ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013