ဧရာဝတီတိုင်း၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ချင်းစုကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ ဇန်နဝါရီ ၂၀ ရက် ညက တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇန်နဝါရီ ၂၀ ရက် ည ၇ နာရီကနေ ည ၈ နာရီ ဝန်းကျင်အထိ ချင်းစုကျေးရွာ အနီးတဝိုက်မှာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းကနေ ၂ ကြိမ်လောက်အထိ လာရောက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “ချင်းစုရွာက ရခိုင်နဲ့ အစပ် ရေကြည်မြို့နယ်ထဲက ရွာပါ၊ နယ်စပ်ရွာပေါ့။ ရွာထဲမှာ တိုက်ပွဲဖြစ်တာ မဟုတ်ဘူး။ ရွာအနီးမှာဖြစ်တာ။ တိုက်ပွဲဖြစ်ပြီး သိပ်မကြာဘူး၊ စစ်ကောင်စီတပ်က လေကြောင်းနဲ့ လာပစ်တာ။ ဒီနေ့မနက်ကြတော့ စစ်ကားတွေ လာလိုက် ပြန်လိုက် လုပ်နေတာ။ တိုက်ပွဲဖြစ်တဲ့နေရာက ဒေသခံတွေက ဟိုရက်ကတည်းက စစ်ရှောင်နေတာ” လို့ ပြောပါတယ်။
အဲဒီ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ချင်းစုကျေးရွာအနီးမှာ ဇန်နဝါရီ ၂၁ ရက် မနက်ပိုင်းမှာ မီးခိုးတွေ ထွက်နေတာကို တွေ့ရပြီး ပစ်ခတ်သံတွေတော့ တိတ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ရေကြည်မြို့အခြေစိုက် တပ်ရင်းမှာ တာဝန်ကျနေသူတယောက်က “ရေကြည်မှာ AA နဲ့ ထိတွေ့တိုက်ပွဲဖြစ်တာ မှန်တယ်၊ ရေကြည်တပ်က စစ်ကူတွေ ပို့နေတယ်။ AA က ရှေ့ထပ်တိုးလာတဲ့ သဘောရှိတယ်။ အကျအဆုံး အသေးစိတ်တော့ မပြောတတ်သေးဘူး” လို့ ပြောပါတယ်။
ရေကြည်မြို့နယ်ဟာ ဂွမြို့ဘက်ကနေ ပြည်မဘက်ကို ဝင်ရောက်နိုင်တဲ့ ဂွ-ငါးသိုင်းချောင်း လမ်းရှိရာ မြို့နယ်ဖြစ်ပြီး စစ်ကောင်စီက ဂွမြို့နယ်အခြေစိုက် တပ်စခန်းတွေကို လက်လွှတ်ဆုံးရှုံးခဲ့ရပြီးနောက် ဂွ-ငါးသိုင်းချောင်းလမ်းဆုံ နေရာမှာ လက်နက်ကြီးတွေပါ အထိုင်ချပြီး တပ်စွဲနေရာယူထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
တိုက်ပွဲဖြစ်ခဲ့တဲ့ ရေကြည်မြို့နယ်ဟာ စစ်ကောင်စီက အမှတ် ၃၄၄ အမြောက်တပ် အမတ-၃၄၄ တည်ရှိတဲ့ နေရာဖြစ်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းက အရေးပေါ် ရဟတ်ယာဉ်ကွင်း စတင်တည်ဆောက်ထားတဲ့ မြို့နယ်တခု ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်က ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့အနီးက စစ်ကောင်စီရဲ့ ဗေဒါစစ်ဆေးရေးဂိတ်ကို AA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းယူနိုင်ခဲ့ပြီလို့ စစ်ရေးသတင်းအရင်းမြစ်တွေဆီက သိရပါတယ်။