Home
မြန်မာသတင်း
ရွှေသောင်ယံမြို့အနီး စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် သံဃာ ၁ ပါး အပါအဝင် ၆ ဦးသေဆုံး
DVB
·
January 22, 2025
Photo-JJ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့အနီး တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၄၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ပြီး သံဃာတပါး၊ ရဲတယောက် အပါအဝင် ၆ ယောက် သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇန်နဝါရီ ၈ ရက်ကနေ ၁၈ ရက်အထိ ရွှေသောင်ယံမြို့အနီးက မကျီးဇင်၊ ဘောမိ၊ ချိုင်လယ် စတဲ့နေရာတွေမှာ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် သံဃာတော်တပါး၊ ရဲတယောက်၊ အရပ်သား ၄ ယောက် သေဆုံးခဲ့ပြီး စာသင်ကျောင်းတခု၊ ဘုန်းတော်ကြီးကျောင်းတကျောင်း အပါအဝင် နေအိမ်အဆောက်အဦ ၄၀၀ ကျော် ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒေသခံတယောက်က “စစ်ကောင်စီတပ်က လေကြောင်းကနေ ၇ ကြိမ်၊ ၈ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့တာ။ သေဆုံးတာတွေကတော့ အရပ်သားတွေ အများဆုံးပေါ့။ ဘယ်ရွာက ဘယ်သူတွေ ဆိုတာတော့ လောလောဆယ် မသိရသေးဘူး။ သံဃာတပါး အပါအဝင် ၆ ယောက်က မှန်တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းဒဏ်ကြောင့် ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ မကျီးဇင် တိုက်နယ်ထဲက ကုလားချောင်းကျေးရွာ၊ ပေါက်တူးကွင်းကျေးရွာ၊ ဘောမိကျေးရွာ၊ မကျီးဇင်ဖျားရွာ စတဲ့ကျေးရွာတွေ အများဆုံး ထိခိုက်ပျက်စီးခဲ့တာလို့ သိရပါတယ်။

အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “လက်ရှိ လက်နက်ကြီးတွေနဲ့ ကြိုးကြားကြိုးကြား ပစ်တာတွေတော့ ရှိတယ်။ ရွှေသောင်ယံဘက်မှာ စစ်တပ်က ခံစစ်ထပ်ပြင်ထားတာ တွေ့ရတယ်။ သေဆုံးတာ၊ ပျက်စီးတာတွေ များတယ်။ ရွာလုံးကျွတ်ပဲ” လို့ ပြောပါတယ်။

ဘောမိတိုက်ပွဲမှာ အာရက္ခတပ်တော် (AA) နဲ့ မဟာမိတ်တပ်တွေရဲ့ ထိုးစစ်ကြောင့် စစ်ကောင်စီတပ်က ရွှေသောင်ယံအထိ တပ်ပြန်ဆုတ်ခဲ့ရပြီး သေဆုံးတပ်သားတွေလည်း ရာချီရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

အာရက္ခတပ်တော် (AA) ကလည်း ရခိုင်နဲ့ထိစပ်နေတဲ့ ဧရာဝတီတိုင်း အပါအဝင် မကွေးနဲ့ ပဲခူးတိုင်းအစပ် နေရာတွေပါ ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ အာရက္ခတပ်တော် (AA) က ဇန်နဝါရီ ၂၀ ရက်က သတင်းထုတ်ပြန်ထားပါတယ်။

အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလကနေ အခု ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၇ ရက်အထိ ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့နယ်က စစ်ကောင်စီတပ်ရဲ့ အရေးပါတဲ့ ဗေဒါဂိတ်၊ ဒေါင့်ချောင်းနဲ့ ဗောဓိစစ်ဆေးရေး ဂိတ်စခန်းတို့အပြင် ပုသိမ်မြို့နယ်ထဲက မကျီးဇင်ရွာ ရဲကင်းစခန်းနဲ့ တပ်ကင်းစခန်းတွေကို ထိန်းချုပ်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013