စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ တုံလုံကျေးရွာကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဇန်နဝါရီ ၂၀ ရက် မနက်က ဗုံးကြဲတိုက်ခိုက်သွားတာကြောင့် ဒေသခံ ၁၀ နှစ်အရွယ် ကလေးငယ်တယောက် သေဆုံးခဲ့ပြီး ၁၁ နှစ်အရွယ် ကလေးငယ်တယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ထီးချိုင့် ပအဖ တာဝန်ရှိသူထံကနေ သိရပါတယ်။
ဗုံးကြဲချသွားတဲ့နေရာမှာ တိုက်ပွဲဖြစ်ပွားတာမရှိသလို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေလည်း မရှိဘဲနဲ့ အကြောင်းမဲ့ ဗုံးကြဲချသွားတာဖြစ်တယ်လို့လည်း သိရပါတယ်။
ထီးချိုင့်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက “တိုက်ပွဲလည်းမရှိပါဘူး။ သူတို့ ထီးချိုင့်မြို့ပေါ်ကလွဲရင် ကိုယ့်ဘက်က အကုန်လုံး စိုးမိုးထားတော့ ပြည်သူကို ပစ်မှတ်ထား ဗုံးကြဲချတယ်လို့ ယူဆရပါတယ်။ အိမ်ပေါ်ကို တည့်တည့်ကျတာဗျ။ အဲလို ဗုံးသီးကျလို့ မောင်မြင့်မိုရ်ခန့် ၁၀ နှစ် ကတော့ နေရာတင်သေဆုံးခဲ့ပြီး အသက် ၁၁ နှစ်အရွယ်ရှိတဲ့ မအိဖြိုးဝေ ကတော့ ဒဏ်ရာရရှိခဲ့ပါတယ်” လို့ ပြောပါတယ်။
တုံလုံရွာဟာ ထီးချိုင့်မြို့နယ်အတွင်း ဧရာဝတီမြစ်ရဲ့ အရှေ့ဘက်ခြမ်းမှာ တည်ရှိပြီး အိမ်ခြေ ၂၀၀ ခန့်နဲ့ လူဦးရေ ၈၀၀ ခန့်ရှိတဲ့ ကျေးရွာတရွာလည်း ဖြစ်ပါတယ်။
ဒေသခံပြည်သူတယောက်က “ကျနော်တို့ရွာက တောင်သူပဲ လုပ်ကိုင်စားသောက်ကြတာပါ။ အဲဒါကို စစ်တပ်က အကြောင်းမဲ့ လေယာဉ်နဲ့ ဗုံးကြဲချသွားတာ။ လုံးဝကို မခံစားနိုင်ဘူးဗျာ။ အပြစ်မဲ့တဲ့ကလေးတွေ အကြောင်းမဲ့ သေခဲ့ရတာ။ စစ်တပ်ကိုတော့ လုံးဝကို မကျေနပ်ဘူး။ ကျနော့်တူနဲ့ တူမလို အဖြစ်ဆိုးနဲ့ မကြုံပါစေနဲ့လို့ပဲ ဆုတောင်းပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ကတော့ စစ်ကိုင်းတိုင်းအတွင်းမှာ ၂၀၂၅ ခုနှစ်အတွင်း လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှု ပိုမိုလုပ်ဆောင်လာပြီး ကလေးငယ်တွေ အပါအဝင် အရပ်သား သေဆုံးမှုတွေလည်း တနေ့တခြား များလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက်နဲ့ ၂၀ ရက်တွေကလည်း တမူးမြို့နယ်အတွင်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား သေဆုံးတာတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။