ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့မှာ တိုက်ပွဲတွေဖြစ်လာမှာကို စိုးရိမ်တာကြောင့် မြို့ခံတွေ ဘေးလွတ်ရာရွေ့ပြောင်းနေကြပြီး အိမ်စောင့်ဖို့ ကျန်သူတွေနဲ့ ရခိုင်ပြည်နယ်က စစ်ဘေးရှောင်သူတွေသာ ကျန်ရှိတော့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။
ရွှေသောင်ယံ ဒေသခံတယောက်က “သဘော့ကန်ဆို အကုန်ပြောင်းသွားပြီး၊ ရွှေသောင်ယံဆိုရင် လက်လုပ်စားသမား၊ အိမ်စောင့်မယ့် သူတွေရယ်၊ ပြီးတော့ ရခိုင်စစ်ဘေးရှောင်လာသူတွေပဲ ကျန်တော့တယ်။ အုပ်ချုပ်ရေးက ပြောင်းခိုင်းတာ၊ မပြောင်းခိုင်းတာတော့မသိဘူး လူတိုင်းနီးပါး ပြောင်းကြတာပဲ။ ဟိုတယ်တွေဆို ပစ္စည်းတွေ ဖြုတ်သိမ်းပြီး သယ်ရလွယ်တာ သယ်နေကြတာပဲ” လို့ DVB ကို ပြောပါတယ်။
ဇန်နဝါရီ ၂၁ ရက် ညက ရွှေသောင်ယံမှာ လက်နက်ကြီး ပစ်ခတ်သံကြားရပြီး ရေတပ်နဲ့ အမြောက်တပ် ပစ်တာလား မသိရကြောင်း၊ ဆက်တိုက်ပစ်နေကြောင်း ရွှေသောင်ယံမြို့နေထိုင်သူ တွေက ပြောပါတယ်။
အလားတူ ချောင်းသာကမ်းခြေမှာလည်း ဟိုတယ်တွေကတော့ Booking လက်မခံခြင်းမပြုဘဲ ဟိုတယ် အဖွင့်ပြထားကြောင်း၊ တချို့ဟိုတယ်တွေကတော့ ပစ္စည်းတွေ သိမ်းဆည်းသယ်ယူ နေကြတယ်လို့ ကမ်းခြေဒေသခံတွေဆီက သိရပါတယ်။
ဧရာဝတီတိုင်း အစပ်နေရာတချို့မှာ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ ပွိုင့် ၃၆၉ ကုန်းနဲ့ ရေကြည်မြို့၊ ချင်းစုကျေးရွာအနီးတို့မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ အာရက္ခတပ်တော်က ဇန်နဝါရီ ၂၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့မှာတော့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ စစ်တပ်က စစ်ဘေးရှောင်တွေဆီကနေ နေထိုင်ခွင့်ပြုရေးအတွက် ငွေသိန်းချီအဓမ္မတောင်းယူနေတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်အရေးကူညီပေးနေသူတွေဆီက သိရပါတယ်။
ရခိုင်ပြည်နယ်ကနေ ရောက်လာတဲ့ စစ်ဘေးရှောင်တွေဆီကနေ ငါးသိုင်းချောင်းမြို့၊ အောင်ဆန်းရပ်ကွက် အုပ်ချုပ်ရေးမှူးနောင်နောင်နဲ့ စစ်ကောင်စီတပ်က ရပ်ကွက်အတွင်း တလနေထိုင်ခွင့်အတွက် ကျပ် တသိန်းတောင်းနေတာလို့ ဆိုပါတယ်။
စစ်ဘေးရှောင်တွေနဲ့ နီးစပ်သူတယောက်က ''အတင်း အဓမ္မကို တောင်းနေတာ။ တအိမ်ထောင်ကို တလနေထိုင်ခွင့် အတွက်အနည်းဆုံး တသိန်း တောင်းတာ။ မပေးရင် အနေမခံဘူး။ လက်ခံထားတဲ့ အိမ်ပါ ချိပ်ပိတ်သိမ်းမယ်လို့ ခြိမ်းခြောက်တောင်းတယ်။ စစ်တပ်နဲ့ အုပ်ကြီး နောင်နောင်က တောင်းတာ။ တော်တော်ရက်စက်တယ်''လို့ ပြောပါတယ်။
ငါးသိုင်းချောင်းမြို့၊ အောင်ဆန်းရပ်ကွက် ရောက်နေတဲ့ စစ်ဘေးရှောင်တွေဟာ AA နဲ့ စစ်ကောင်စီတပ်တွေရဲ့ တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်၊ ဂွမြို့နဲ့ အမ်းမြို့နယ်က တိုင်းရင်းသား ဒေသခံတွေက အများစု ဖြစ်ပါတယ်။
ငါးသိုင်းချောင်းမြို့ပေါ်က အောင်ဆန်းရပ်ကွက်အပါအဝင် မြို့ပေါ်ရပ်ကွက်တွေမှာ ရခိုင်ဒေသကနေ စစ်ဘေးရှောင် ထောင်ချီရောက်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
စစ်ဘေးရှောင်တွေကိုကူညီပေးနေသူတယောက်က ''ပိုက်ဆံမပေးရင် နေခွင့်ကိုမပေးတာ။ နေ့ဖို့ စားဖို့တောင်၊ မနည်းလုပ်နေရလေ၊ အခုသူတို့က ဓားပြတိုက်သလို ငွေတောင်းနေတော့ စစ်ရှောင်တွေအဖို့ ဒုက္ခအပေါ်ဒုက္ခဆင့် သလိုဖြစ်နေတာ။ တော်တော်ဒုက္ခရောက်နေတာပါ''လို့ ပြောပါတယ်။
လက်ရှိ စစ်ဘေးရှောင်တွေဆီကနေ အဓမ္မတောင်းယူနေတဲ့ အောင်ဆန်းရပ်ကွက် အုပ်ချုပ်ရေးမှူး နောင်နောင်ဟာ ဒေသခံ အရပ်သားတွေ ဆီကနေ စစ်မှုထမ်းကြေး တအိမ်ကို ကျပ် ၅၀၀၀၀ ကနေ တသိန်းအထိ တောင်းယူပြီး ကားဝယ်စီးထားတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။
စစ်ကောင်စီကတော့ စစ်ဘေးရှောင်တွေကို အကူအညီတွေပေးမယ်လို့ နိုင်ငံပိုင် မီဒီယာတွေက ဝါဒဖြန့် သတင်းထုတ်လွှင့်နေပါတယ်။