Home
မြန်မာသတင်း
ရွှေသောင်ယံနှင့် မြိုင်တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီက လေကြောင်းကတိုက်ခိုက်
DVB
·
January 18, 2025
Photo-KKL - SS

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့ထဲက ဘောမိကျေးရွာမှာ တိုက်ပွဲတွေဖြစ်ပြီး စစ်ကောင်စီတပ်က လေကြောင်းပစ်ကူပေးနေသလို မကွေးတိုင်း၊ မြိုင်မြို့နယ် ကန်နီရွာနားမှာလည်း တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပြီး လေကြောင်းကနေ လာရောက် တိုက်ခိုက်တယ် လို့ သိရပါတယ်။

ဇန်နဝါရီ ၁၆ ရက် ညပိုင်း ၁ နာရီဝန်းကျင်ကစတင်ပြီး အာရက္ခတပ်တော် AA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေရှိသလို လေကြောင်းနဲ့ပါ ပစ်ခတ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

“ဘောမိအထက်ဘက်မှာ တိုက်ပွဲပြန်ဖြစ်နေတာ။ လက်နက်ကြီး လက်နက်ငယ်သံတွေ ကြားရတယ်။ ၁၆ ရက် တညလုံးဖြစ်တာ။ ၁၇ ရက်နေ့ကလည်း ညလုံးပေါက်နီးပါးဖြစ်တယ်။ စိန်ပြောင်းကြီးသံတွေ၊ အမြောက်ကျည်ပေါက်ကွဲသံတွေပါကြားရတယ်”

စစ်ကောင်စီတပ်က ဇန်နဝါရီ ၁၇ ရက်မနက်ပိုင်းမှာ ဘောမိကျေးရွာအနီးတဝိုက်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ပစ်ကူပေးခဲ့ပြီး လက်ရှိကျေးရွာထဲမှာ မီးလောင်နေတယ်လို့ ဆိုပါတယ်။

အုပ်ချုပ်ရေးအဖွဲ့နဲ့နီးစပ်သူတယောက်က “စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးတွေကြဲချနေတာ မှန်တယ်။ သေဆုံးထိခိုက် စသဖြင့် မသိရတာဘဲရှိတာ။ တိုက်ပွဲဖြစ်တာ မှန်တယ်၊ ဒေသခံတွေ အကုန်ပြေးနေရပြီ။ တချို့ကအနီးက ရပ်ကွက်ထဲမှာပဲ နေနေတယ်။ တချို့တော့ ရွှေသောင်ယံမြို့ပေါ်အထိ တက်နေနေတယ်။ စစ်ရေးက အတော်တင်းမာနေတာ” လို့ ပြောပါတယ်။

တိုက်ပွဲတွေဖြစ်လာလို့ ဘောမိ၊ ချိုင်လယ် (မကျီးဇင်)၊ တောင်နီမော်၊ မီးလောင်ချိုင်၊ ကျွန်းချောင်း စတဲ့ ကမ်းခြေဒေသတွေကဒေသခံတွေဟာ ရွှေသောင်ယံမြို့နဲ့ သပေါ့ကန်၊ သဲကုန်း၊ အုန်းချောင်းနဲ့ ရွှေသောင်ယံရပ်ကွက်ဘက်ကို အရေးပေါ်စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်က ဘောမိအောက်ဘက် ရွှေသောင်ယံကမ်းခြေတလျှောက် ဝက်သေ၊ တပင်မော်၊ သပေါ့ကန်ဘက်မှာ အင်အားဖြည့်ပြီး ပူးပေါင်းခံစစ် ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

ရွှေသောင်ယံမြို့က ရဲစခန်းနဲ့ တိုက်နယ်ဆေးရုံရှိတဲ့ မကျီးဇင်ကျေးရွာကြီးကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၉ ရက်မှာ AA နဲ့ မဟာမိတ်တပ်တွေက သိမ်းယူဆိုတဲ့ သတင်းထွက်ပြီးနောက် ငြိမ်သက်နေခဲ့ပြီး အခု တိုက်ပွဲတွေ ပြန်ဖြစ်လာတာပါ။

မကွေးတိုင်း၊ မြိုင်မြို့နယ်က ကန်နီရွာနဲ့ မြိုင်မြို့ကြားမှာလည်း စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ရေးတပ်ပေါင်းစုတို့ ဇန်နဝါရီ ၁၇ ရက်နေ့မနက်ပိုင်းကစပြီး တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်နေတယ်လို့ သိရပါတယ်။

ကျောင်းကုန်းရွာသားတယောက်က “ကန်နီရွာကနေ စစ်ကြောင်းစထွက်ပြီး သိပ်မကြာဘူး တိုက်ပွဲက စဖြစ်တာဗျ။ ကျနော်တို့ဒေသခံတွေကတော့ စစ်ကောင်စီ စစ်ကြောင်းလာတာနဲ့ တိုက်ပွဲဖြစ်မှာ ကြိုသိလို့ နေရပ်စွန့်ခွာနေကြရပါတယ်” လို့ ပြောပါတယ်။

မြိုင်မြို့ကနေ ကန်နီပျူရွာကို ရိက္ခာသွားပို့တဲ့စစ်ကြောင်းအပြန်မှာ အခုလို တိုက်ပွဲဖြစ်တာဖြစ်ပြီး ထန်းဘုန်းတောရွာ၊ ကျောင်းကုန်းရွာ၊ အောင်ချမ်းသာရွာ၊ ဝက်ခေါင်းရွာ၊ သဲကျွန်းရွာနဲ့ ဂွေးပင်လင်ရွာက ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း သိရပါတယ်။

မြိုင်မြို့နယ်ဒေသခံ LPDF ခေါင်းဆောင် ကိုဗစ်တာက “ကျနော်တို့နဲ့တိုက်ပွဲဖြစ်နေတဲ့အချိန်မှာ စစ်တပ်ဘက်က အကျအဆုံးများစွာရှိနေတာကြောင့် ဂျက်ဖိုက်တာ လေယာဉ်နဲ့ ၂ နာရီ ၅၉ မိနစ် ပထမတကြိမ်၊ ၃ နာရီ ၅ မိနစ်မှာ တံတားဦးလေတပ်ကနေတက်လာတဲ့ Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်တစင်းနဲ့ ဒုတိယကြိမ်လာပစ်သွားတယ်။ အထိခိုက်အကျအဆုံးတော့ ဘာမှမရှိခဲ့ဘူး။ နောက်ပြီး မြိုင်မြို့ဘက်ကနေလည်း စစ်ကြောင်းတကြောင်း စစ်ကူထွက်နေတယ်လို့ သတင်းရတယ်ဗျ။ ဒီနေ့ ဇန်နဝါရီ ၁၈ ရက်နေ့မှာလည်း မြိုင်မြို့ဘက်ကို ထပ်မတိုးနိုင်လို့ ရိက္ခာပို့ကားတန်း ၁၂ စီးနဲ့အတူ ကန်နီပျူရွာထဲပြန်ဝင်တယ်ဆိုတဲ့ သတင်းကြားနေရတယ်ဗျ။ အတိကျဖြစ်ဖို့ သတင်းထပ်မံ စုံစမ်းနေပါတယ်” လို့ DVB ကို ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီး စစ်ရေးအခြေအနေ တင်းမာနေဆဲဖြစ်တာကြောင့် ဒေသခံပြည်သူတွေ တိမ်းရှောင်နေရတာ ၅ ရက် ရှိနေပြီလို့လည်း သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013