Home
မြန်မာသတင်း
ငဖဲတွင် ၂ ရက်ဆက် တိုက်ပွဲဖြစ်ပြီး စစ်သား ၅ ဦးသေဆုံး၊ ၁၂ ‌ဦး ဖမ်းမိ
DVB
·
January 17, 2025
Photo-CDF Asho

မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ ရခိုင်ပြည်နယ်၊ အမ်းမြို့တိုက်ပွဲတွေကနေ ထွက်ပြေးလာကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ၂ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက် သေဆုံးကာ ၁၂ ‌ယောက် အရှင်ဖမ်းမိပြီး လက်နက် ၁၆ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်-အရှို (CDF Asho) က ဇန်နဝါရီ ၁၆ ရက် ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

CDF Asho ရဲ့ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းခနီလေဗွေက “အမ်း နပခ တိုက်ပွဲထဲကနေ စစ်ရှုံးပြီး မကွေးတိုင်း ငဖဲမြို့နယ်ထဲ ထွက်ပြေးဝင်ရောက်လာကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ၂ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်” လို့ ပြောပါတယ်။

အဆိုပါတိုက်ပွဲတွေဟာ ဇန်နဝါရီ ၁၃ ရက်မှာ အမ်းမြို့နယ်၊ ကြက်ရေးစမ်းကျေးရွာအနီးက စစ်ကောင်စီစခန်းကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက်ကို ငဖဲမြို့နယ် ဂုတ်စည်းရိုးကျေးရွာအနီးမှာ တားဆီးချိန် အသာတကြည် လက်နက်မချတဲ့အတွက် ပစ်ခတ်ဖမ်းဆီးခဲ့ရပြီး ၂ ယောက် ဒဏ်ရာရရှိသွားကာ ဖမ်းဆီးရမိချိန်မှာ ဒဏ်ရာအပြင်းအထန် ရထားလို့ ဆေးကုသပေးနေချိန်မှာပဲ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၁၄ ရက်တော့ အမ်းမြို့နယ်၊ တောင်ဇောက်ကျေးရွာအနီး တိုက်ပွဲကနေ ထွက်ပြေးလာကြတဲ့ အင်အား ၁၀၀ နီးပါးပါတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကပစ ၁၄ နဲ့ မီတာ ၂၀၀၀ အကွာမှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။

CDF Acho ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်က “ကပစ ၁၄ နားက တိုက်ပွဲမှာတော့ သူတို့ဘက်က ၃ ယောက် ပွဲချင်းပြီးသေတယ်။ ကျန်တဲ့သူတွေ ထွက်ပြေးလို့ နယ်မြေရှင်းလင်းရေးတွေလုပ်ရင်းက ၉ ယောက် ထပ်ပြီး အရှင်ဖမ်းဆီးရရှိခဲ့တာ ဖြစ်ပါတယ်။ ၂ ရက်ပေါင်းတိုက်ပွဲမှာ သူတို့ဘက်က ၅ ယောက်သေတယ်။ ၁၂ ‌ယောက် အရှင်ဖမ်းမိတယ်ပေါ့။ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရခဲ့တာတွေ ရှိပါတယ်” လို့ DVB ကို ပြောပါတယ်။

ထွက်ပြေးလွတ်မြောက်သွားကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို နယ်မြေရှင်းလင်းရေးတွေ လုပ်ရင်းနဲ့ ရှာဖွေနေပြီး ထပ်မံဖမ်းဆီးရမိသူတွေရှိရင်လည်း သတင်းထုတ်ပြန်ပေးသွားမှာ ဖြစ်ပြီးတော့ တိုက်ပွဲတွေအတွင်းကနေ ‌လက်နက်ငယ် ၁၅ လက်၊ စိန်ပြောင်း ၁ လက် အပါအဝင် ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကုန်ပိုင်းကလည်း အမ်းမြို့တိုက်ပွဲအတွင်းကနေ ထွက်ပြေးလာကြတဲ့ စစ်ကောင်စီလက်အောက်ခံ ဗိုလ်ကြီးတယောက် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ယောက်နဲ့အတူ လက်နက်ခဲယမ်းတွေကိုလည်း ဖမ်းဆီးရမိခဲ့သလို ဒီဇင်ဘာ ၂၅ ရက်ကနေ ၂၇ ရက်အထိ ၃ ရက်အတွင်း အမ်းမြို့တိုက်ပွဲတွေကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေထဲက ထပ်မံဖမ်းဆီးရမိသူ ၁၇ ယောက်ရှိကာ လက်နက်ခဲယမ်းအများအပြားနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိခဲ့သေးတယ်လို့ သိရပါတယ်။

အခု ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃ ရက်နဲ့ ၄ ရက်နေ့တွေကလည်း အမ်းမြို့နယ်တိုက်ပွဲတွေကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ဒု-အရာခံဗိုလ်တယောက် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ယောက်လည်း ငဖဲမြို့နယ်ထဲအရောက် CDF Asho ဆီမှာ လက်နက်ငယ် ၉ လက် အပါအဝင် ခဲယမ်းတွေနဲ့အတူ လက်နက်ချ အညံ့ခံခဲ့ကြပါသေးတယ်။

ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေအပြင် နေထိုင်စားသောက်ရေးကအစ ဖြည့်ဆည်းဆောင်ရွက်ပေးထားပြီး ဒေသအသီးသီးမှာရှိကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အနေနဲ့လည်း အနိုင်အထက် ပြုကျင့်နေတဲ့ စစ်အာဏာရှင်တွေအတွက် အသေခံတိုက်ခိုက်မှု မပြုလုပ်တော့ဘဲ ထွက်ပြေးတိမ်းရှောင်ကာ ပြည်သူတွေနဲ့အတူ ရှင်သန်ရပ်တည်ကြဖို့ တိုက်တွန်းထားတယ်လို့လည်း CDF Asho ဆီကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013