မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းရွာဟောင်းဘက်မှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်ထိတွေ့တိုက်ပွဲကြောင့် မွန်အမျိုးသားစာသင်ကျောင်း ၃ ကျောင်း အပါအဝင် ကျောင်း ၅ ကျောင်း ပိတ်ထားရကြောင်း ဒေသခံတွေထံက သိရပါတယ်။
ရေးမြို့နယ်၊ ကျုံလောင်းရွာဟောင်းမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်က စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တို့အကြား နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာက မွန်အမျိုးသား စာသင်ကျောင်း အပါအဝင် ကျောင်း ၅ ကျောင်းက ကျောင်းသား/သူ ၄၀၀ ကျော် စာသင်ကြားခွင့် မရရှိတော့ဘူးလို့ ကျောင်းနဲ့နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။
“လက်နက်ကြီးက ကျုံလောင်းနဲ့ အနီးတဝိုက် ရွာတွေထိ ကျနေတာဆိုတော့ ရွာသားတွေလည်း ကြောက်လန့်ပြီး ထွက်ပြေးကုန်တာပေါ့။ ကျောင်းတွေမှာ ကျောင်းသားတွေမရှိတော့ ပိတ်ထားရတယ်။ မွန်စာသင်ကျောင်း ၃ ကျောင်းက ကျောင်းသားဦးရေ ၂၉၀ ကျော်နဲ့ အစိုးရကျောင်း ၂ ကျောင်းက ကျောင်းသားနဲ့ဆိုရင် အားလုံး ၄၀၀ ကျော်လောက် စာသင်ခွင့်မရတော့တာပါ။ နောက်လလောက်ဆိုရင် စာမေးပွဲဖြေရတော့မှာဆိုတော့ ကလေးတွေအတွက် အရမ်းနစ်နာသွားတာပေါ့။”
ထိတွေ့တိုက်ပွဲကြောင့် ဝယ်ဇင်း၊ ဓမ္မပါလ၊ ဝယ်ပေါင်ကျေးရွာရှိ မွန်အမျိုးသား မူလတန်းကျောင်း ၃ ကျောင်းနဲ့ ကျုံလောင်း၊ ကျောက်မိချောင်းကျေးရွာက စာသင်ကျောင်း ၂ ကျောင်းတို့မှာ ဇန်နဝါရီ ၁၀ ရက်ကစပြီး ပိတ်ထားခဲ့ရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
လက်ရှိ ကျုံလောင်းရွာခံတွေအနေနဲ့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတဲ့အပြင် စစ်ကောင်စီဘက်က စားနပ်ရိက္ခာသယ်ဆောင်ခွင့်ကို ကန့်သတ်ထားတာကြောင့် အခက်အခဲတွေလည်း ရှိနေတယ်လို့ ဒေသခံစစ်ရှောင်တယောက်က ပြောပါတယ်။
“စဖြစ်တဲ့နေ့က တရွာလုံး အိမ်မှာ ဘယ်သူမှ မနေရဲကြတော့ဘူး။ ဘေးလွတ်ရာကို ထွက်ပြေးကြရတာ။ ကျနော်တို့ မိသားစုတွေဆိုရင် လမ်းဘေးမြောင်းထဲမှာ ဆင်းပြီး ပုန်းနေရတာ။ စစ်တပ်က ပစ္စည်းသယ်တာတွေကိုလည်း ခွင့်မပြုပေးတော့ ကြာရင် ငတ်ပြီးသေမှာ ကြောက်ရတယ်။ ဖုန်းလိုင်းလေးရသေးလို့ ဆွေမျိုးတွေနဲ့ ကိုယ်သိတဲ့သူတွေဆီ အကြောင်းကြားလို့ရတယ်။ သူတို့လည်း စိတ်မကောင်းရုံကလွဲပြီး ဘာမှမတတ်နိုင်ကြဘူး။”
လက်ရှိမှာ ရေးမြို့နယ်အရှေ့ပိုင်း ဒေသတဝိုက်ရှိ ဒေသခံ ၁,၂၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရပြီး တိုက်ပွဲကာလအတွင်း အရပ်သား ၂ ယောက် သေဆုံးကာ ဒေသခံ ၅၀ ထက်မနည်း စစ်ကောင်စီထံ ဖမ်းဆီးခံထားရကြောင်း မြေပြင်ရှိ စစ်ဘေးရှောင်အချက်အလက် စုဆောင်းနေသူတွေထံက သိရပါတယ်။